ဒီမိုကရေစီလှုပ်ရှားမှုကို အသက်ဆက်ပေးခဲ့သူ သခင် သိန်းဖေ ကွယ်လွန်

ဓာတ်ပုံ ရင်းမြစ်, BBC Burmese
သခင်သိန်းဖေက တိုင်းပြည်ကို ချစ်မြတ်နိုးပြီး ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးရမှ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မယ်လို့ ယုံကြည်ခဲ့
ဝါရင့် နိုင်ငံရေးသမားကြီး ဝါးခယ်မ သခင် သိန်းဖေဟာ အသက် ၁၀၁ အရွယ်မှာ ဗုဒ္ဓဟူးနေ့ က လူကြီးရောဂါနဲ့ မရမ်းကုန်းမြို့နယ်က နေအိမ်မှာ ကွယ်လွန်သွားပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေးနဲ့ လွတ်လပ်ရေးတိုက်ပွဲက စပြီး ကွယ်လွန်ချိန်အထိ နိုင်ငံ့ အရေး၊ အမျိုးသား ရင်ကြားစေ့ရေး၊ ဒီမိုကရေစီရေးတို့မှာ တက်တက်ကြွကြွ ပါဝင် ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။
သခင်သိန်းဖေရဲ့ သမီး ဖြစ်သူ ဒေါ်ထားထားအေးကတော့ သူ့ ဖခင်ဟာ နိုင်ငံရေးသမားကြီး စစ် တစ်ယောက် ဖြစ်ခဲ့ပြီး သူ့ ဘဝ တစ်လျှောက်လုံးကို နိုင်ငံရေးမှာပဲ နှစ်မြှုပ် ထားတယ်လို့ ပြောပါတယ်။
"နောင်လာနောက်သား ကောင်းစားဖို့ရာ တို့ကိုယ်ကျိုး လုံးဝ မပါ" ဆိုတဲ့ သူ့ရဲ့ ကိုယ်ပိုင် ဆောင်ပုဒ်ကို ကိုင်ဆောင်ပြီး အမြဲ လုပ်ဆောင်လေ့ရှိတယ် ရှိတယ်လို့လည်း သမီး ဖြစ်သူက ပြောပါတယ်။
သခင်သိန်းဖေဟာ ဖက်ဆစ်ဂျပန် တော်လှန်ရေးအချိန်က စပြီး စစ်အစိုးရ အုပ်ချုပ်တဲ့ ကာလ အထိ ထောင်သွင်း အကျဉ်းကျမှုနဲ့ နေအိမ် အကျယ်ချုပ် စုစုပေါင်း ၁၁ ကြိမ် ကျခံခဲ့ ဖူးတယ်လို့လည်း ဒေါ်ထားထားအေးက ပြောပါတယ်။
စစ်အာဏာရှင် စနစ် ပြုတ်ကျရေးနဲ့ မြန်မာ့ ဒီမိုကရေစီ ရေးတို့မှာ ဦးဆောင်လှုပ်ရှားခဲ့တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့ အစည်းက ကိုဂျင်မီကတော့ သခင် သိန်းဖေဟာ မျိုးဆက်သစ်တွေကို လွတ်လပ်မှု တိုက်ပွဲဆက်ဖို့ စိတ်ဓါတ်အမွေ ပေးခဲ့သူလို့ ပြောပါတယ်။
သခင်သိန်းဖေ အပါအဝင် ဝါရင့် နိုင်ငံရေး သမားကြီးတွေဟာ တိုင်းပြည်ကို ချစ်သူ၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ရမှ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မယ်လို့ ယုံကြည် ကြသူတွေ ဖြစ်တယ်လို့ လည်း ကိုဂျင်မီက ပြောပါတယ်။
၈ လေးလုံး အရေးတော်ပုံကြီး အပြီး နိုင်ငံရေး ဦးဆောင်လှုပ်ရှားတဲ့ ကျောင်းသားတွေနဲ့ နိုင်ငံရေး တက်ကြွသူ အင်အားစုတွေ အားလုံးကို ထောင်တွေထဲမှာ ဖမ်းဆီးပြီး နိုင်ငံရေးကို လှုပ်မရအောင် ဖိနှိပ်ထားခဲ့ချိန်က သခင်သိန်းဖေ ဦးဆောင်တဲ့ ဝါရင့်နိုင်ငံရေး သမားကြီးများ အဖွဲ့ဟာ ဒီမိုကရေစီလှုပ်ရှားမှုကို အသက်ဆက်ပေးခဲ့တာလို့လည်း သူက ပြောပါတယ်။
လွတ်လပ်ရေးနေ့၊ အမျိုးသမားနေ့ စတဲ့ အထိမ်းအမှတ်တွေကို သခင်သိန်းဖေရဲ့ နေအိမ်နဲ့ သူပိုင်တဲ့ ပျော်ဘွယ်လေး ကြိုးစက်ရုံတို့မှာ ကျင်းပပြီး စစ်အစိုးရရဲ့ တင်းကျပ်တဲ့ နိုင်ငံရေး နှိပ်ကွပ်မှု ကာလမှာ နိုင်ငံရေးသမား တွေရဲ့ စုရပ် ဆုံရပ်အဖြစ် ဖန်တီး ခဲ့ကြရတယ်လို့ ကိုဂျင်မီက ပြောပါတယ်။
အောက်တိုဘာ ၂၃ ရက် တနင်္ဂနွေနေ့မှာ ကွယ်လွန်သူ သခင်သိန်းဖေကို ရေဝေး သုဿာန်မှာ ဂူသွင်း သဂြိုဟ်မှာ ဖြစ်ပါတယ်။