အစိုးရသစ် လက်ထက် စီးပွားရေး တိုးနှုန်း နှေးခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည် ၀န်ခံ

အနာဂတ်မျှော် မူဝါဒနဲ့ စီးပွားရေး စနစ်ကို တည်ဆောက်မယ်
အစိုးရသစ် လက်ထက် ပထမ ခြောက်လတာ ကာလမှာ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု နှေးကွေး ခဲ့တယ်လို့ အစိုးရကို လက်တွေ့အရ ဦးဆောင်မှု ပေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ဝန်ခံ ပြောကြား လိုက်ပါတယ်။
အစိုးရရဲ့ စီးပွားရေး ဆိုင်ရာ မူဝါဒတွေကို စီးပွားရေး လုပ်ငန်းရှင်တွေကို တွေ့ဆုံ ရှင်းပြတဲ့ နေပြည်တော် အစည်းအဝေးမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ကိုယ်ကျိုး အတွက်ပဲ ကြည့်တဲ့ လုပ်ငန်းရှင်တွေပဲ များနေရင် နိုင်ငံ အတွက် ဝမ်းနည်းစရာ ကောင်းတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
နိုင်ငံရဲ့ စနစ် အပြောင်းအလဲမှာ စီးပွားရေး စနစ်လည်း ပြောင်းတာ ဖြစ်တဲ့ အတွက် အရင် အစိုးရတွေ လက်ထက် အလုပ် လုပ်ကိုင်ခဲ့တဲ့ စီးပွားရေး လုပ်ငန်း ရှင်တွေ အနေနဲ့ သူတို့ အတွက် နေရာမှ ရှိပါ့မလား ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနိုင်တာကိုလည်း နားလည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပြီး အားလုံးကို ပါဝင် ဆောင်ရွက်ဖို့ တိုက်တွန်း ခဲ့ပါတယ်။
ဒီ အစည်းအဝေးမှာ အရင် အစိုးရတွေ လက်ထက် အာဏာပိုင်တွေနဲ့ နီးစပ်သူတွေလို့ အသိများကြတဲ့ စီးပွားရေး သမားတွေ၊ ဆွေမျိုး တော်စပ်သူတွေ တက်ရောက် လာတာကိုလည်း တွေ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကတော့ အနာဂတ် မျှော် မူဝါဒ နဲ့ အကောင်အထည် ဖော်သွားမယ့် တိုင်းပြည်ရဲ့ စီးပွားရေး စနစ်ဟာ ရေရှည် တည်တံ့ ခိုင်မြဲပြီး တိုင်းသူပြည်သားတွေ အားလုံးရဲ့ အရည်အချင်းတွေကို တိုးတက် လာစေဖို့ ရည်မှန်း ထားတယ်လို့ ဆိုပါတယ်။
အဲဒီ့ နေပြည်တော် အစည်းအဝေးမှာ တက်ရောက် လာကြတဲ့ သူတွေထဲမှာ ဖွံ့ဖြိုးမှု မိတ်ဖိတ်များ ဆိုတဲ့ အမည်သစ်နဲ့ အစုအဖွဲ့ပါဝင်နေတာ တွေ့ရပြီး ဒေါ်အောင်ဆန်းစုကြည်က သူ ကမကထ လုပ် ဦးဆောင်တဲ့ အဲဒီ့ အဖွဲ့အကြောင်း အသေးစိတ်တွေကို နောင်အခါ ထုတ်ပြန် ရှင်းပြ ပေးမယ်လို့ ပြောခဲ့ပါတယ်။