ဘင်္ဂလား အော် မုန်တိုင်းငယ် ဆိုင်ကလုန်း ဖြစ်လာနိုင်

ဓာတ်ပုံ မူပိုင် မိုးဇလ
Image caption ဘင်္ဂလား အော် မုန်တိုင်းငယ် ဆိုင်ကလုန်း ဖြစ်လာနိုင်

ဘင်္ဂလား ပင်လယ်အော် မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ (၂၄)နာရီကနေ (၃၆) နာရီအတွင်း ဆိုင်ကလုန်း မုန်တိုင်းအဖြစ် အားကောင်းလာနိုင်ပြီး ကမ်းရိုးတန်းဒေသကို ဖြတ်သန်း ဝင်ရောက်လာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ပြောပါတယ်။

လောလောဆယ်မှာ ဒီမုန်တိုင်းငယ်ဟာ ရွေ့လျားမှုက မြန်ဆန်နေပြီး ဆိုင်ကလုန်းမုန်တိုင်း အဖြစ် တနင်္ဂနွေနေ့မှာ မြန်မာ့ကမ်းရိုးတန်းကို ဦးတည်ပြီး ဝင်ရောက်တိုက်ခတ်နိုင်တယ်လို့ မိုးဇလ ဌာနက ပြောပါတယ်။

ကုန်းတွင်းပိုင်းကို ဝင်ရောက်ချိန်မှာ ဆိုင်ကလုန်းမုန်တိုင်း အဖြစ် အသွင်ပြောင်းသွားမယ်ဆိုရင် လေတိုက်နှုန်း ပိုမို ပြင်းထန်မှာ ဖြစ်ပြီး လေတိုက်နှုန်းဟာ တနာရီကို မိုင် ၆ဝ ကနေ ၇ဝ အထိ ရှိလာနိုင်ပါတယ်။

ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ နဲ့ ရခိုင်ပြည်နယ် တောင်ပိုင်း ဒေသတွေဟာ မုန်တိုင်းဝင်ရောက်နိုင်လို့ စိုးရိမ်စရာ နေရာတွေ အဖြစ် သတ်မှတ်ထားတယ်လို့ မိုးဇလ ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

အစိုးရကတော့ မုန်တိုင်းဝင်လာနိုင်တဲ့ ဆိုတဲ့ နေရာနေတွေမှာ သတိပေးချက်တွေ ထုတ်ပြန်ပြီး ကြိုတင် ပြင်ဆင်မှုတွေ လုပ်နေတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက အမြဲတမ်း အတွင်းဝန် ဦးစိုးအောင် ကပြောပါတယ်။

လောလောဆယ်မှာ ဒီမုန်တိုင်းငယ်ကို လိမ္မော်ရောင်အဆင့် သတ်မှတ်ထားပြီး ကုန်းတွင်းပိုင်းဝင်ဖို့ (၆)နာရီအလိုမှာတော့ အနီရောင်အဆင့် ပြောင်းလဲသတ်မှတ်မယ်လို့ မိုးဇလက ပြောပါတယ်။

အခုနှစ် မိုးရာသီအစမှာ ဘင်္ဂလားဒေ့ရှ်ကို ဝင်ခဲ့တဲ့ ရွန်နုမုန်တိုင်းဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်တွေကို အဖျားခတ်ခဲ့တာဖြစ်ပေမယ့် ဒီမုန်တိုင်းကတော့ မြန်မာ့ကမ်းရိုးတန်းကို ဦးတည် ဝင်ရောက်တိုက်ခတ်မှာ ဖြစ်တဲ့ အတွက် အပျက်အစီးတွေ ရှိလာမှာကို စိုးရိမ်နေကြပါတယ်။