လက်ဝါးကြီးအုပ် စီးပွားရေး မရှိစေရလို့ အစိုးရသစ်ပြောကြား

လက်ဝါးကြီး အုပ် စီးပွားရေး မရှိ စေပဲ ၊ လူတိုင်း သာတူ ညီမျှ စီးပွား ရှာခွင့် ရှိရစေမယ် ဆိုပြီး ဝန်ကြီး ဦးကျော်ဝင်း က ပြောကြား
အောက်တိုဘာ ၂၂ ရက် က နေပြည်တော်မှာ လုပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်များနဲ့ တွေ့ဆုံပွဲမှာ အစိုးရ သစ် လက်ထက် ပထမ ခြောက်လတာ ကာလ အတွင်း စီးပွား ဖွံ့ဖြိုး တိုးတက်မှု နှေးကွေး သွားတယ် ဆိုတဲ့ အချက် ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဝန်ခံ ပြောကြား ခဲ့ပါတယ်။
စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီး ဦးကျော်ဝင်း ကလည်း နိုငံစီးပွားရေး နှေးသွားရတဲ့ အကြောင်းတွေကို တင်ပြ လာခဲ့သလို၊ အစိုးရရဲ့ ရှေ့ဆက်မယ့် မူဝါဒ ရေးရာ တွေကို လည်း ရှင်းပြ ခဲ့ပါတယ်။
အစိုးရ အပြောင်းအလဲ ဖြစ်ပေါ် ခဲ့ပြီးတဲ့ နောက် စီးပွားရေး အရှိန်အဟုန် နဲ့ တပြေးညီ ဖြစ်အောင် အစိုးရသစ် အနေနဲ့ လိုက်လံ မဆောင်ရွက် နိုင်ခဲ့ဘူးလို့ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီး ဦးကျော်ဝင်း က ပြောပါတယ်။
အစိုးရ ဟောင်း သက်တမ်းနဲ့ အတူ ပြီးဆုံး သွားခဲ့တဲ့ လုပ်ငန်း ကော်မတီတွေ ကော်မရှင် တွေ စတဲ့ ယန္တရားတွေကို ပြန်လည် အသက်သွင်း ဖွဲ့စည်း ရတဲ့ အလုပ်တွေ အပါအဝင်၊ ခေတ်နဲ့ လျော်ညီတဲ့ ဥပဒေပိုင်း ဆိုင်ရာ အပြောင်းအလဲ တွေကို အစိုးရ သစ် ဘက်က အချိန်ယူ ပြင်ဆင် ဆောင်ရွက် ခဲ့ရတာ တွေဟာ စီးပွားရေး အရှိန်ကို နှေးသွား စေခဲ့တယ် လို့ လည်း ဝန်ကြီး ဦးကျော်ဝင်းက ရှင်းပြ ပါတယ်။
အစိုးရ အပြောင်း အလဲ ကာလမှာ စီးပွားရေး လုပ်ငန်းရှင်တွေ ဟာ အစိုးရ သစ်က ဘာတွေ လုပ်ဆောင် လာမှာ လည်း ဆိုတာကို စောင့်ကြည့် ပြီး အလုပ်တွေကို မျှောပြီး ထိန်း ထား ခဲ့တာ ကလည်း ၊ စီပွားရေး လေးလံ သွားစေတဲ့ အကြောင်း တစ်ခု အဖြစ် ဦးကျော်ဝင်း က ဆိုပါတယ်။
နေပြည်တော် တွေ့ဆုံပွဲ ကို လာကြတဲ့ စီးပွားရေး လုပ်ငန်း ရှင်တွေကို အစိုးရ နဲ့ အတူ လက်တွဲ လုပ်ဆောင်ဖို့ ဝန်ကြီး က တိုက်တွန်း ခဲ့ပြီး၊ အဲဒီလို ပူးပေါင်း လုပ်ဆောင်မယ် ဆိုရင် လာမယ့် ၆ လ အတွင်း မြန်မာ့ စီးပွား ရေးဟာ အရှိန် နှစ်ဆ သုံးဆ တိုး လာလိမ့်မယ် လို့လည်း ပြောပါတယ်။
အစိုးရ သစ်ရဲ့ စီးပွားရေး ဆိုင်ရာ မူဝါဒ နဲ့ ပတ်သက်ပြီး လက်ဝါးကြီး အုပ် စီးပွားရေး မရှိ စေပဲ ၊ လူတိုင်း သာတူ ညီမျှ စီးပွား ရှာခွင့် ရှိရစေမယ် ဆိုပြီး ဝန်ကြီး ဦးကျော်ဝင်း က ပြောကြား ခဲ့ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of ပေါ့ဒ်ကတ်စ်
နေပြည်တော်ပွဲကို လာရောက်ခဲ့ ကြသူတွေထဲမှာ အရင် အစိုးရ အဆက်ဆက် အာဏာပိုင်တွေ နဲ့ နီးစပ်ပြီး၊ စီးပွားရေး လုပ်ငန်းတွေ မှာ တွင်ကျယ် ခဲ့သူတွေ၊ အာဏာပိုင်တွေရဲ့ ဆွေမျိုး သားချင်းတွေ ပါဝင် နေပါ တယ်။
NLD အစိုးရ အနေနဲ့ ကတော့ ပြည်တွင်း စီးပွားရေး လောကမှ တွင်ကျယ် လက်စ ရှိသူတွေ ကို ပစ်ပယ်မှာ မဟုတ်ပဲ၊ လက်ရှိ အစိုးရရဲ့ မူဝါဒတွေနဲ့ အညီ အတူ လက်တွဲ လုပ်ဆောင်ဖို့ ဖိတ် ခေါ် နေပါတယ်။
ခရိုနီ စီးပွားရေး သမားတွေ တွေ ပူးပေါင်း ပါဝင်မှု နည်းပါး နေလို့ စီးပွားရေး လေးလံ ထိုင်းမှိုင်း နေတယ်ဆိုတဲ့ ရှု့ထောင့် အမြင်ကိုတော့ နော်တင်ဂမ် တက္ကသိုလ် မလေးရှား ကျောင်းခွဲက ဘောဂဗေဒ ပညာရှင် ဒေါက်တာ မြင့်မိုးချစ် က သဘော မတူပါဘူး။
ကုန်ထုတ် လုပ်ငန်း မရှိသူတွေ ရဲ့ ပါဝင် ပတ်သက်မှု ထက်စာရင်၊ စီးပွားရေးကို လွတ်လွတ်လပ်လပ် ယှဉ်ပြိုင် လုပ်ကိုင် နိုင်ခွင့်ကို အစိုးရဘက်က အာမခံ ပေးဖို့က အရေးကြီး တယ်လို့လည်း ဒေါက်တာ မြင့်မိုးချစ်က ဆိုပါတယ်။
NLD အစိုးရ ကတော့ သူတို့လက်ထက် အသစ် ပြင်ဆင် ပြဌာန်းလိုက်တဲ့ ရင်းနှီး မြှုပ်နှံမှု ဥပဒေ အပေါ် အတော်လေး မျှော်လင့်ချက် ထားနေပြီး၊ ဝန်ကြီး ဦးကျော်ဝင်း ကလည်း အဲဒီ့ ဥပဒေ ပါ အချက်အလက်တွေကို အတော်လေး ကိုးကား ပြီး ပြောခဲ့ပါတယ်။
ဒါပေမယ့် ဝေဖန်သုံးသပ် သူတွေ ကလည်း နိုင်ငံခြားက လုပ်ငန်း ရှင်တွေ ဟာ ဥပမာ- ဗီယက်နမ် ကို မသွားပဲ ၊ မြန်မာ ပြည်ထဲ လာရောက် ရင်းနှီး မြှုပ်နှံမယ် ဆိုပြီး ရွေးချယ် လာဖို့ ဆိုရင်၊ ဥပဒေ သက်သက် ရှိနေရုံနဲ့ မလုံလောက်ပဲ၊ လိုအပ်တဲ့ ကျွမ်းကျင်မှုနဲ့ လူသား အရင်းအမြစ်တွေ၊ လျှပ်စစ်၊ လမ်းပန်းဆက်သွယ်ရေးနဲ့ ဘဏ်စနစ် တို့လို အခြေခံ အဆောက်အဉီး တွေလည်း ပံ့ပိုး ဖန်တီး ပေးနိုင်ရမယ်လို့ ထောက်ပြ နေပါတယ်။