မုန်တိုင်းကြောင့် လပွတ္တာမှာ ရွာတွေက လာခိုလှုံ

ဓာတ်ပုံ မူပိုင် Science Photo Library
Image caption ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ် အားကောင်းလာ

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ ဆက်လက်ရွေ့လျားမှု မရှိပေမယ့် ပိုမိုအားကောင်းတဲ့ မုန်တိုင်းငယ် အဖြစ် ရောက်ရှိလာတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။

နောက်ပြီး ဟိုင်းကြီးကျွန်းမြို့ အနောက်တောင်ဘက် (၈၅)မိုင်ခန့် အကွာမှာ ဗဟိုပြုနေပါတယ်။

ဧရာဝတီတိုင်းထဲက ဟိုင်းကြီးကျွန်း၊ လပွတ္တာ နဲ့ ငပုတော မြို့တွေ အနီးက ကျေးရွာတွေကနေ ပြောင်းရွှေ့ လာသူတွေဟာ မြို့ပေါ် ဘုန်းကြီးကျောင်းတွေနဲ့ ကယ်ဆယ်ရေးစခန်းတွေမှာ လာရောက် ခိုလှုံနေကြပါတယ်။

မုန်တိုင်းဒဏ်ခံရနိုင်တဲ့ အထဲပါတဲ့ လပွတ္တာမှာတော့ နီးစပ်ရာရွာတွေကနေ လာရောက်ခိုလှုံသူက တထောင်ကျော်လောက်ရှိနေပါတယ်။

လပွတ္တာ ဟာ ပြီးခဲ့တဲ့ ၂ဝဝ၈ ခုနှစ် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် သောင်းနဲ့ ချီပြီး လူအသေအပျောက် အများဆုံးကြုံခဲ့ရတဲ့ မြို့နယ်တွေထဲက တခုဖြစ်ပြီး အခုတခေါက်မှာလည်း အရင်ကလို မုန်တိုင်းဒဏ် ထပ်ကြုံရမှာကို စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် နေအိမ်တွေမပြောင်းဘဲ ကျန် နေသူတွေရှိသလို ပြောင်းရွှေ့နေသူဦးရေကလည်း ဧရာဝတီတိုင်းထဲမှာပဲ လူတသောင်းလောက်ရှိတယ်လို့ တိုင်းအစိုးရအဖွဲ့က ပြောပါတယ်။

လောလောဆယ်မှာ ကျေးရွာအထိ မုန်တိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်နေပြီး ကယ်ဆယ်ရေး ကူညီထောက်ပံ့ရေး ပစ္စည်းတွေကို အသင့် စီစဉ်ထားတယ်လို့ ဧရာဝတီတိုင်းအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမျိုးမင်းထွန်းက ပြောပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် မုန်တိုင်းအန္တရာယ်ကို အနီရောင်အဆင့်သတ်မှတ်ပြီး မြစ်ဝကျွန်းပေါ်ဒေသကို ဦးတည်မယ်လို့ မိုးဇလက သတ်မှတ်လိုက်အပြီးမှာတော့ စိုးရိမ်မှုတွေ မြင့်တတ်လာနေပါတယ်။

ဟိုင်းကြီးကျွန်းမှာတော့ မြို့ပေါ်ရပ်ကွက် (၃)ခု နဲ့ ကျေးရွာတွေကို နီးစပ်ရာ အမြင့်ပိုင်းဒေသတွေကို ပြောင်းရွှေ့နေသလို ပုသိမ်မှာလည်း အနီးတဝိုက်ရွာတွေကနေ မြို့ပေါ်ပြောင်းလာကြသူတွေ ရှိပါတယ်။

ဒါ့အပြင် မုန်တိုင်းဦးတည် ဝင်ရောက်နိုင်တယ်ဆိုပြီး သတိပေးချက် ထုတ်ပြန်ထားတဲ့ လပွတ္တာခရိုင်၊ မြောင်းမြခရိုင်၊ ပုသိမ်ခရိုင်တွေက မြို့ပေါ် နဲ့ ရွာတွေက အခြေခံပညာကျောင်းအားလုံးကို လောလောဆယ်မှာ တပတ်လောက် ပိတ်ထားတယ်လို့ ဧရာဝတီတိုင်းအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမျိုးမင်းထွန်းက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ