ဘင်္ဂလားပင်လယ်အော်က မုန်တိုင်း မြောက်ဘက်ကို ရွေ့လျားမယ်

ဓာတ်ပုံ မူပိုင် MOezala
Image caption အနီရောင် ကနေ လိမ္မော်ရောင် အဆင့် ပြောင်းလဲ

ဘင်္ဂလား ပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ် နေတဲ့ မုန်တိုင်း ငယ်ဟာ မြောက်ဘက် နဲ့ အနောက်မြောက်ဘက် ပိုင်းကို ဦးတည် ရွေ့လျား ဖို့ရှိနေ ပါတယ်။

တနင်္လာနေ့ မနက်ပိုင်း အထိတော့ မုန်တိုင်းဟာ ဧရာဝတီ မြစ်ဝကျွန်းနား ကပ်လာပေမယ့် ညပိုင်းမှာ အနောက်မြောက်ဘက်ကို ရွေ့လျား သွားနိုင်တာ ဖြစ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနက ပြောပါတယ်။

မုန်တိုင်းဟာ အခုလို မြောက်ဘက်ကို ရွေ့လျား သွားနိုင်တဲ့ အတွက် အင်အား အနီရောင် အဆင့်ကနေ လိမ္မော်ရောင် အဆင့် ပြောင်းလဲ သတ်မှတ် လိုက်တယ် လို့ မိုးဇလ ဦးစီးအရာရှိ ဒေါ်ယဉ်ဆွေက ဘီဘီစီ ကို ပြောပါတယ်။

နောက်ပြီး ဒီမုန်တိုင်း ငယ်ဟာ ကိုကိုးကျွန်းရဲ့ အနောက်မြောက်ဘက် ၁၅၅ မိုင်ခန့်၊ ဟိုင်းကြီး ကျွန်းရဲ့ အနောက်မြောက် ဘက် ၇၅ မိုင်ခန့်နဲ့ ဂွမြို့ အနောက်တောင် ဘက် ၉၅ မိုင်ခန့် အကွာက ပင်လယ်ပြင်ကို ဗဟိုပြု နေတယ် လို့လည်း မိုးဇလက ထုတ်ပြန်ထား ပါတယ်။

မြစ်ကျွန်းပေါ်နဲ့ ရခိုင် ကမ်းရိုးတန်း တောင်ပိုင်းဒေသ တို့ဟာ အဲဒီ မုန်တိုင်းငယ် သက်ရောက် နိုင်တဲ့ နေရာ အဝန်း အဝိုင်းမှာ ရှိနေတဲ့ အတွက် လေတိုက်နှုန်း တစ်နာရီ လျှင် မိုင် ၄၀ အထိ တိုက်ခတ် နိုင်ပါတယ်။

ဒါ့အပြင် ဒီရေ ၂ ပေ ကနေ ၅ ပေ အထိ မြင့်တက် နိုင်တယ် လို့လည်း ဆိုပါတယ်။

မုန်တိုင်း အရှိန်ကြောင့် လေပြင်းတိုက်ပြီး မိုးကြီးတာတွေ ဖြစ်နိုင်တဲ့ အတွက် သတိပြု နေထိုင်ကြဖို့နဲ့ ပြည်တွင်း လေကြောင်း ပျံသန်းရေး၊ ရေကြောင်း သွားလာရေး၊ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေ ယာဉ်တွေနဲ့ သင်္ဘောတွေ အနေနဲ့ ကြိုတင် သတိပြုနိုင်ဖို့ လည်း မိုးဇလက အကြံပြု ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ