ဝတပ်ဖွဲ့ ဆုတ်ဖို့ အမိန့် ထုတ်တယ် ဆိုလို့ တိုက်ပွဲဖြစ်မှာ စိုးရိမ်

ဓာတ်ပုံ ရင်းမြစ်, AP
ငြိမ်းချမ်းရေး ညီလာခံ မတိုင်ခင် ဝခေါင်းဆောင်တွေ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့စဉ်
မိုင်းလားနယ်ထဲ ရောက်နေတဲ့ ဝတပ်ဖွဲ့တွေကို အောက်တိုဘာလ ၂၄ နောက်ဆုံးထားပြီး ပြန်လည် ဆုတ်ခွာဖို့ မြန်မာ့ တပ်မတော်က ညွှန်ကြား လိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။
မဟာမိတ် တွေဖြစ်ကြတဲ့ UWSA ၀ တပ်ဖွဲ့နဲ့ NDAA မိုင်းလားအဖွဲ့တို့ ကြားမှာ ၂၁ ရာစုပင်လုံ အပြီးမှာ မပြေလည်မှုတွေ ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ တစ်လ လောက်ကတော့ ဝတပ်ဖွဲ့ဝင် တစ်ထောင်ကျော် လောက်က မိုင်းလား အဖွဲ့ရဲ့ စခန်း နှစ်ခုကို သိမ်းပိုက်လိုက်ပါတယ်။
အဲဒီလို သိမ်းပိုက်ပြီး နောက်ပိုင်းမှာ နှစ်ဖက်ခေါင်း ဆောင်တွေနှစ် ကြိမ်ညှိနှိုင်း ခဲ့ကြပြီး ပြသာနာ ဆက် မဖြစ်တော့ပေမဲ့ ဝတပ်ဖွဲ့က မိုင်းလား နယ်ထဲက ပြန်လည် မထွက်ခွာ တော့ဘဲ ဆက်ရှိနေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ မိုင်းလားနယ်ထဲမှာ တပ်စွဲထားတဲ့ ဝတပ်ဖွဲ့တွေကို အောက်တိုဘာလ ၂၄ ရက် နောက်ဆုံးထားပြီး ပြန်လည် ဆုတ်ခွာဖို့ ရွှေတိဂံတိုင်း တိုင်းမှူးက အောက်တိုဘာ ၂၃ ရက်နေ့က ကညွန်ကြား လိုက်တယ် ဆိုတဲ့ သတင်းတွေ ထွက်လာပြီးနောက်မှာ မိုင်းလားနဲ့ ကျိုင်းတုံ ကြားက အဝင်အထွက် ဂိတ်နှစ်ခုကို တပ်မတော် ဖက်က ပိတ်လိုက်တယ်လို့ မိုင်းလားနဲ့ အနီးဆုံး မိုင်းယောင်းမြို့နယ် NLD ပါတီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်က ပြောပါတယ်။
မိုင်းလား ဒေသနဲ့ မိုင်းယောင်း မြို့နယ်ထဲက အစိုးရ ဝန်ထမ်းတွေကိုလဲ မိုင်းယောင်း မြို့ပေါ်ကို ပြောင်းရွှေခိုင်း ထားလိုက်ပြီလို့လည်း ဦးစိုင်းထွန်းအောင်က ပြောပါတယ်။
အဲဒီလို ရုတ်တရက် အဝင်အထွက် ဂိတ်တွေကို ပိတ်လိုက်တဲ့ အတွက် မိုင်းလား ဒေသထဲ ရောက် နေတဲ့ပြည်တွင်း ပြည်ပ ခရီးသွား တချို့လည်း ပိတ်မိနေပါတယ်။
ပိတ်မိနေတဲ့ ကမ္ဘာလှည့် ခရီးသွားတွေကိုတော့ မနေ့ညက ကျိုင်းတုံကို ပြန်ပို့ပေးတယ်လို့ ဒေသခံ ဧည့်လမ်းညွှန် မနန်းခင်ညိုက ဘီဘီစီကို ပြောပါတယ်။
တနင်္ဂနွေနေ့က စပြီး အဲဒီဒေသမှာ နှစ်ဖက် တပ်တွေက စစ်ရေးလှုပ်ရှားမှုတွေ စတင် နေပြီး တိုက်ပွဲတွေ ဖြစ်လာမှာကို ဒေသခံတွေကစိုးရိမ်နေကြပါတယ်။