အရပ်သားတွေ သတ်ဖြတ် ခံရမှု စွပ်စွဲချက်တွေ စုံစမ်းဖို့ ကုလပြော

ဓာတ်ပုံ ရင်းမြစ်, AFP/GETTY IMAGES
မောင်တောဒေသမှာ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေး အသင့်အတင့်ရှိပြီလို့ ရခိုင် ပြည်နယ် အစိုးရဆို
ရခိုင်ပြည်နယ် မောင်တော ဒေသမှာ အောက်တိုဘာလ ၉ ရက်နေ့က နယ်ခြားစောင့် စခန်းတွေ တိုက်ခိုက်ခံရပြီးနောက် အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေရာမှာ မွတ်ဆလင်တွေ အများစု နေထိုင်တဲ့ ရွာတွေမှာ နေအိမ်တွေ မီးရှို့တာ၊ အပြစ်မဲ့ အရပ်သားတွေကို သတ်ဖြတ်တာ နဲ့ ထင်သလို ဖမ်းဆီး နှိပ်စက်တာတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲမှုတွေကို စုံစမ်း စစ်ဆေးဖို့ မြန်မာ အစိုးရကို ကုလ သမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။
တိုက်ခိုက်သူတွေကို ရှာဖွေဖို့ အာဏာပိုင်တွေရဲ့ စစ်ဆင်ရေးတွေ အတွင်းမှာ ဒီလို ဖမ်းဆီး သတ်ဖြတ်မှုတွေ ရှိနေတယ် ဆိုတဲ့ စွပ်စွဲမှုတွေ ရရှိထားကြောင်း ကုလ သမဂ္ဂရဲ့ မြန်မာ နိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ စုံစမ်း စစ်ဆေးရေးမှူး မစ္စ ယန်ဟီလီက ပြောပါတယ်။
မြန်မာနိုင်ငံ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကတော့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ်မှာ အပြန်အလှန် တိုက်ခိုက်မှုတွေ ရှိခဲ့ပေမဲ့ အပြစ်မဲ့ အရပ်သားတွေကို သတ်ဖြတ်တာမရှိကြောင်း ငြင်းဆိုပါတယ်။
ကုလ သမဂ္ဂက တိုက်တွန်းတဲ့ စုံစမ်း စစ်ဆေးဖို့ ဆိုတဲ့ ကိစ္စမှာ သူတို့ ရထားတဲ့ အချက်အလက်တွေကို ဘယ်အရင်းအမြစ်က ရထားတယ် ဆိုတာ ပြောဖို့ လိုအပ်တယ်၊ ဒါမှ စုံစမ်းမှုတွေ လုပ်နိုင်မှာ ဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။
တချိန်တည်းမှာပဲ မောင်တော ဒေသမှာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေစဉ်မှာ ရိုဟင်ဂျာ မွတ်ဆလင် အမျိုးသမီးတွေ အဓမ္မ ပြုကျင့်ခံခဲ့ရတယ် ဆိုတဲ့ စွပ်စွဲမှု လည်းထွက်ပေါ် လာပါတယ်။
အောက်တိုဘာလ ၁၁ ရက်နေ့က မောင်တောမြို့နယ် အတွင်း ရွာတစ်ရွာမှာ မြန်မာ အစိုးရ စစ်သားတွေ ဝင်လာပြီး အမျိုးသမီးတွေကို အဓမ္မ ပြုကျင့် ခဲ့တာလို့ BHRN ခေါ် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကွန်ရက်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီ အမျိုးသမီးတွေထဲက သူတို့ လူ့အခွင့်အရေး ကွန်ရက်ရဲ့ အကူအညီနဲ့ အခု ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်ကို ထွက်ပြေးသွားတဲ့ အမျိုးသမီးငယ် တစ်ယောက်ကို သူကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံကို ကိုယ်တိုင် ဆက်သွယ် မေးမြန်းခဲ့တယ်လို့ BHRN အဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးကျော်ဝင်းက ဘီဘီစီကို ပြောပါတယ်။
ကာယကံရှင်ရဲ့ မေတ္တာ ရပ်ခံချက်နဲ့ လုံခြုံရေးနဲ့ ကြောင့် အဲဒီ အမျိုးသမီး နာမည်နဲ့ နေရပ်ကို ထုတ်ဖော် မပြောပြ နိုင်ဘူးလို့ သူက ပြောပါတယ်။
အဲဒီ အောက်တိုဘာ ၁၁ ရက်နေ့က ဖြစ်ခဲ့တယ်ဆိုတဲ့ အဓမ္မ ပြုကျင့်မှု ဖြစ်ရပ် ဆိုတာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်က နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်မှု တွေမှာ အနီးကပ် ပါဝင် ဆောင်ရွက်နေတဲ့ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့က အတွင်း ရေးမှူး ဦးတင်မောင်ဆွေကတော့ ဒါဟာ အစိုးရကို အပုပ်ချတဲ့ ဝါဒဖြန့်မှုဖြစ်တယ်လို့ ပြောဆိုပြီး လုံးဝ မဟုတ်ကြောင်း ငြင်းဆို ပါတယ်။
စစ်ဆင်ရေးတွေ ဆောင်ရွက်နေတဲ့ အချိန်မှာ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ရဲလုံခြုံရေး၊ တပ်မတော် လုံခြုံရေး စတာတွေ အဆင့်ဆင့် ပါဝင်တဲ့ အဖွဲ့တွေက ကျေးရွာတွေကို ဝင်ရောက် ရှင်းလင်းတာ ဖြစ်ပြီး တရား ဥပဒေ အတိုင်းသာ ဆောင်ရွက် နေတာ ဖြစ်တယ်လို့ ပြောပါတယ်။