ရှမ်းမြောက်အဖွဲ့ နဲ့ တပ်မတော် သီပေါမှာ တိုက်ပွဲတွေ ဖြစ်

နားမခေါ် ရွာခံတွေရဲ့ အကူအညီနဲ့ ဒုက္ခသည်တွေကို ကျွေး ထား နိုင်ပေမယ့် ရေရှည် ရပ်တည်ဖို့ မလွယ်
အောက်တိုဘာလ ၂၃ ရက်နေ့က ရှမ်းပြည် တပ်မတော် မြောက်ပိုင်းSSPP/SSA နဲ့ မြန်မာ့တပ်မတော် အရှေ့မြောက် တိုင်း စစ်ဌာနချုပ်က လက်အောက်ခံ တပ်တွေဟာ သီပေါ မြို့နယ် နားလော့ ရွာနားမှာ တိုက်ပွဲ တွေ ဖြစ်ပွား ခဲ့ပါတယ်။
တိုက်ပွဲ တွေကြောင့် အဲဒီက ဒေသ ခံတွေဟာ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။
နားမခေါ် ရွာက ဘုန်းကြီးကျောင်းမှာ ဒုက္ခသည် ရာနဲ့ချီ ပြီးခိုလှုံ နေထိုင် လျှက် ရှိပါတယ်။
သီပေါမြို့နယ် အနီးအနား ရွာတွေက ဘုန်းကြီးကျောင်းတွေမှာလည်း ဒုက္ခသည် အများအပြား ခိုလှုံလျှက် ရှိပါတယ်။
အခု အခါမှာ ဒုက္ခသည်တွေ အတွက် စားနပ် ရိက္ခာတွေ အရေးပေါ် လိုအပ် နေတယ်လို့ ပြည်နယ် လွှတ်တော် အမတ် ဦးစိုင်းခမ်းအောင် က ဘီဘီစီ ကို ပြောပါတယ်။
လောလောဆယ်မှာ နားမခေါ် ရွာခံတွေရဲ့ အကူအညီနဲ့ ဒုက္ခသည်တွေကို ကျွေး ထား နိုင်ပေမယ့် ရေရှည် ရပ်တည်ဖို့ မလွယ်ဘူးလို့ သိရပါတယ်။
ဆောင်ကျဲ၊ မိန်းခေး ဘက်ကိုလည်း ဒုက္ခသည် တချို့ ရောက်ရှိလာကြောင်း ဒေသခံ တွေက ပြောပါတယ်။
မြန်မာ့ တပ်မတော်က ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSPP/SSA ရဲ့ နယ်မြေ ကို ရှင်းလင်းရေး လုပ်စဉ် မှာ တိုက်ပွဲ တွေ ဖြစ်ပွား တာပါ။
တိုက်ပွဲတွေ ကြားထဲကို ကျရောက်မှာ နဲ့ တပ်ဖွဲ့တွေက ဖမ်းဆီးမှာ ကိုစိုးရိမ်ပြီး ဒုက္ခသည်တွေဟာ သူတို့ နေထိုင်ရာ ရွာတွေ ကို မပြန်ရဲကြကြောင်း ဦးစိုင်းခမ်းအောင် က ပြောပါတယ်။