မြန်မာ ဒုက္ခသည် ပထမ အသုတ် ထိုင်းကနေ ပြန်ရောက်

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ထိုင်းနိုင်ငံမှာ နှစ်ပေါင်းများစွာနေထိုင် ပြီးနောက် မြန်မာနိုင်ငံကို ပထမဆုံး ပြန်လာကြတဲ့ ဒုက္ခသည်များ

မြန်မာ နိုင်ငံ အတွင်း နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး အခြေအနေ မတည်ငြိမ်မှု တွေကြောင့် ထိုင်းနိုင်ငံကို ထွက်ပြေး ခိုလှုံနေတဲ့ မြန်မာ ဒုက္ခသည်တွေထဲက ပထမအသုတ် မြဝတီမြို့ကို အောက်တိုဘာလ ၂၆ ရက်နေ့က ပြန်လည် ရောက်ရှိလာပါတယ်။

ဌာနေပြန်လာကြတဲ့ မိသားစု ၁၇ စု က လူပေါင်း ၆၅ ယောက်ကို လောလောဆယ် ယာယီ လက်ခံရေး စခန်းမှာ စောင့်ရှောက်ထားပြီး သူတို့ရဲ့ မူလ ဇာတိမြေတွေမှာ ပြန်လည် အခြေချနေထိုင် နိုင်ရေး အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေက ဆက်လက် ဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်။

သူတို့က မဲဆောက်မြို့ တောင်ဖက် မိုင်တစ်ရာလောက် အကွာက အုန်းဖန်မြို့နယ်၊ နို့ဖိုး ဒုက္ခသည် စခန်းမှာ ဆယ်စုနှစ်နဲ့ချီပြီး နေထိုင် ခဲ့သူတွေ ဖြစ်ပါတယ်။

မူလက ပြန်ဖို့ စာရင်းပေးထားတာက မိသားစု ၂၆ စုက လူဦးရေ ၉၁ ယောက် ရှိပေမဲ့ တကယ်တန်း မိသားစု ၁၇ စုပဲ ပြန်သွားကြတာပါ။

သူတို့ကို ထိုင်းနိုင်ငံ အမျိုးသား လုံခြုံရေးကောင်စီက ဒုတိယ အတွင်းရေးမှူး ဦးဆောင်တဲ့ အဖွဲ့က မြန်မာနိုင်ငံ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီး ဌာန ဒုတိယ ညွှန်ကြားရေမှူး ဦးဝင်းထွဋ်နဲ့ ကရင်ပြည်နယ် နယ်စပ်လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီး အောင်လွင်တို့ကို လွှဲပေးခဲ့တာ ဖြစ်ပါတယ်။

ကိုယ့်နိုင်ငံကို ပြန်လာသူတွေကို ဘယ်လိုပဲ ပြန်လာလာ ကြိုဆိုတယ်လို့ ဗိုလ်မှူးကြီး အောင်လွင်က ပြောပါတယ်။

အခု ဌာနေပြန်တဲ့ ဒုက္ခသည် တွေဟာ နိုင်ငံကြီးတွေကို သွားပြီး အခြေချခွင့်လည်း မရှိလို့ အနာဂတ် ပျောက်နေပြီး ကိုယ့် မွေးရပ်မြေကို ပြန်လာခဲ့ကြ တာလို့ ဆိုပါတယ်။

သူတို့ကို ထိုင်းနိုင်ငံ ဖက်က ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီ UNHCR က လူကြီးတစ်ယောက်ကို ဘတ် ၈ ထောင်၊ ကလေး တစ်ယောက်ကို ဘတ် ၄ ထောင်နဲ့ အသုံးအဆောင် ပစ္စည်းတချို့ကူညီခဲ့ပါတယ်။

မြန်မာ အစိုရ ဖက်ကလည်း မိသားတစ်စုကိုကျပ် ၃ သိန်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက တစ်သိန်းစီနဲ့ အလုပ်မရခင် စပ်ကြား တစ်နေ့ကို ကျပ် ၃ ထောင် ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။