သိမ်းထားတဲ့ မိုင်းလား ဒေသတွေ "၀" အဖွဲ့ အတွက် မဟာဗျူဟာ ကျ

ဓာတ်ပုံ ရင်းမြစ်, MOI
ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက မိုင်းလားနဲ့ ၀"အဖွဲ့ တွေကို ကာကွယ်ရေး ဦးစီးချုပ်က လက်ခံတွေ့ဆုံစဉ်
"ဝ" ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA က အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) - မိုင်းလား အဖွဲ့ ထိန်းချုပ်ရာ ဒေသထဲက နယ်မြေ တချို့ကို နေရာ ယူထားခဲ့တာ အခုလ အစပိုင်းကတည်းက ဖြစ်ပါတယ်။
မကြာခင် ရက်ပိုင်း အတွင်းက အစိုးရ တပ်မတော်က "၀" တပ်ဖွဲ့တွေကို အဲဒီနေရာကနေ အောက်တိုဘာ ၂၄ ရက် နောက်ဆုံးထား ပြန်ဆုတ်ပေးဖို့ ပြောဆိုခဲ့တဲ့ အတွက် စစ်ရေး အခြေအနေ တင်းမာလျက် ရှိပါတယ်။
ဒီနေရာတွေဟာ သေနင်္ဂဗျူဟာ အရ မိုင်းလားနဲ့ ကျိုင်းတုံကို အပေါ်က မြင်ရတဲ့ တပ်စခန်းနေရာတွေ ဖြစ်လို့ အရေးပါလှတယ်လို့ ပြည်ထောင်စု အင်စတီကျု့က ဦးခွန်ဆိုင်း က ပြောပါတယ်။
မိုင်းလားနဲ့ တပ်မတော် ပူးပေါင်းသွားရင် ပန်ဆန်းကို စစ်ဆင်ရေး လမ်ကြောင်း ပွင့်သွားနိုင်စေတဲ့ အတွက် "၀"အဖွဲ့က သိမ်းထားတဲ့ နေရာတွေဟာ မဟာဗျူဟာ ကျလှတယ်လို့ UWSA တည်ထောင်စဉ်က ဗဟိုကော်မတီ အဖြစ် ပါ၀င်ခဲ့တဲ့ ဦးသန်းစိုးနိုင်က ဆိုပါတယ်။
အခုဆိုရင် အစိုးရ တပ်မတော်က ကိုးကန့် ၊ တအောင်း တပ်မတော် အဖွဲ့ဖြစ်တဲ့ PSLF / TNLA ၊ ရှမ်းပြည် တိုးတက်ရေး ပါတီ ရှမ်းပြည် တပ်မတော် SSPP/SSA နဲ့ ကိုးကန့် အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေတာမို့ တကယ်လို့ "၀" အဖွဲ့နဲ့သာ တိုက်ပွဲတွေ ဖြစ်လာခဲ့ရင် စစ်ပွဲပိုကျယ်ပြန့်သွားနိုင်တယ်လို့ ဦးခွန်ဆိုင်း က ပြောပါတယ်။
မိတ္ထီလာမှာ ကာကွယ်ရေး ဦးစီးချုပ် ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ ကြည်း၊ရေ၊ လေ ပူးပေါင်း စစ်ဆင်ရေးလေ့ကျင့် တုန်းက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ စိုးရိမ်ခဲ့ကြပါတယ်။
အဲဒီ အချိန်မှာ "၀"အဖွဲ့က ဒီစစ်ဆင်ရေး သူတို့ဖက် ဦးတည်လာနိုင်တယ်လို့ တွေးမိပုံရပြီး တကယ်လို့ သူတို့ဆီ ရောက်လာရင် မိုင်းလား ဟာ သူတို့ အတွက် ခံစစ်ကြီး ဖြစ်နိုင်တယ်လို့ ယူဆတဲ့ အတွက် မိုင်းလား ဒေသတွေကို ၀င်သိမ်းခဲ့တာလို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။
၂၁ ရာစု ပင်လုံညီလာခံမှာ မိုင်းလား အဖွဲ့ အတွင်းရေးမှူးက ကျန်တဲ့ တိုင်းရင်းသား အဖွဲ့တွေကို NCA လက်မှတ် ထိုးကြပါ ၊ ငြိမ်းချမ်းရေး ဖွံ့ဖြိုး တိုးတက်မှုတွေ လုပ်ကြပါလို့ ပြောလိုက်တဲ့ အတွက် မိုင်းလားနဲ့ ၀"အဖွဲ့ အကြား အမြင်ကွဲပြားမှု ရှိတယ်ဆိုတာ ပြနေတယ် ၊ ၀"အဖွဲ့က က မိုင်းလား အပေါ် အမြင်မကြည်စရာ တစုံတရာ ရှိနေတယ်လို့ ယူဆ ရနိုင်ကြောင်း ဦးသန်းစိုးနိုင်က သုံးသပ် ထားပါတယ်။