အီတလီ ငလျင်ကယ်ဆယ်ရေး ရာသီဥတုကြောင့် နှောင့်နှေး

ဓာတ်ပုံ မူပိုင် Reuters
Image caption ငလျင်ဒဏ်ကြောင့် ပြိုကျသွားတဲ့ ရှေးဟောင်း ဘုရားကျောင်း တစ်ခု။

အီတလီ နိုင်ငံ အလယ်ပိုင်းမှာ ဗုဒ္ဓဟူးနေ့ ညက အင်အားပြင်း ငလျင်နှစ်ခု ဆက်တိုက် လှုပ်ခတ်ခဲ့လို့ အဆောက်အအုံတွေ ပျက်စီးပြိုကျခဲ့ပြီး ဒဏ်ရာရသူတွေ အတော်များများ ရှိခဲ့ရာမှာ ငလျင်ဒဏ် ကယ်ဆယ်ရေး လုပ်ငန်းတွေဟာလည်း ဆိုးရွားတဲ့ ရာသီဥတုကြောင့် နှောင့်နှေး နေရတယ်လို့ သိရပါတယ်။

ရာနဲ့ချီတဲ့ မိသားစုတွေဟာ ကားတွေနဲ့ ယာယီ အကာအရံတွေ ထဲမှာ ဗုဒ္ဓဟူးနေ့ တစ်ညလုံး နေခဲ့ရတယ်လို့ ဆိုပေမယ့် အာဏာပိုင်တွေကတော့ အခြေအနေတွေက သိပ်အဆိုးကြီးတော့ မဟုတ်ပါဘူးလို့ ပြောပါတယ်။

သမိုင်းဝင် အဆောက်အဦးတွေ ပြိုကျခဲ့ပေမယ့် သေဆုံးသူ ရှိတယ်လို့တော့ သတင်းမကြားရပါဘူး။

ပြီးခဲ့တဲ့ သြဂုတ်လကတော့ အခု နေရာတဝိုက်မှာပဲ လှုပ်ခဲ့တဲ့ ငလျင်ကြောင့် လူ အနည်းဆုံး ၂၉၈ ဦး သေဆုံး ခဲ့ရပါတယ်။

ဗုဒ္ဓဟူးနေ့ ညက လှုပ်တဲ့ ငလျင်နှစ်ခုဟာ ပီရူဂျီယာမြို့ အရှေ့ပိုင်းမှာ ဖြစ်ပြီး ပထမ ငလျင်က ပြင်းအား ၅.၅ ရစ်ချ်တာ စကေး ရှိပြီး ဒုတိယ ငလျင်က ၆.၁ ရှိပါတယ်။

အဲဒီ ငလျင်တွေ လှုပ်ခတ်တဲ့ အရှိန်ကို မြို့တော် ရုမ်းမ် အပါအဝင် အီတလီ အလယ်ပိုင်း တစ်ခုလုံး သိရှိ ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ