ဒေါ်လာစျေး တက်လို့ စီးပွားရေးကို ရိုက်ခတ်

ဓာတ်ပုံ ရင်းမြစ်, AFP/GETTY IMAGES
ဘဏ်တွေပြင်ပမှာ လည်ပတ်တဲ့ အမေရိကန် ဒေါ်လာ ပမာဏက ပိုများတယ်လို့ဆို
မြန်မာနိုင်ငံမှာ အမေရိကန် ဒေါ်လာနဲ့ မြန်မာငွေ လဲနှုန်းဟာ အောက်တိုဘာလ ၂၇ ရက်နေ့မှာ တစ်ဒေါ်လာကို ၁၂၉၀ ကျပ် ကျော် အထိ ပြန်တက်လာ ပါတယ်။
အခုရက်ပိုင်းမှာ မြန်မာငွေ လဲနှုန်းက တစ်ဒေါ်လာ ကို ၂၀ ကျပ်ကနေ ၂၅ ကျပ်လောက်အထိ တက်လာတဲ့ အတွက် သွင်းကုန် ပို့ကုန် လုပ်ငန်းရှင်တွေ အခက် အခဲ တွေ့နေကြပါတယ်။
ပြီးခဲတဲ့ အောက်တိုဘာလ ၄ ရက်က ဗဟိုဘဏ်က ပြည်တွင်းဘဏ် လုပ်ငန်းရှင်တွေနဲ တွေ့ပြီး ငွေလဲနှုန်း တည်ငြိမ်အောင် ညှိနှိုင်းမှုတွေ လုပ်အပြီး သုံးပတ်လောက် အကြာမှာ မြန်မာငွေနဲ့ ဒေါ်လာငွေ လဲလှယ်နှုန်းက ပြန်တက် လာတာဖြစ်ပါတယ်။
မြန်မာ နိုင်ငံမှာ အိမ်ခြံမြေ၊ ကားနဲ့ ရွှေ ဈေးကွက်တွေ အလုပ် မဖြစ်တဲ့ နောက်ပိုင်းမှာ အမေရိကန် ဒေါ်လာဟာ မြန်မာ့ စီးပွားရေး အတွက် အထူး အရေးပါတဲ့ နေရာမှာ ရှိလာပြီး လူတွေက ဒေါ်လာတွေ ဝယ်စု လာကြ ပါတယ်။
အခု အခြေ အနေမှာ မြန်မာငွေနဲ့ ဒေါ်လာလဲနှုန်း မငြိမ်ရတာဟာ ငွေကြေး ကစားသူတွေ ကြောင့် ဖြစ်တယ် လို့လည်း ဗဟိုဘဏ်ကပြောဆိုပြီး ပြည်တွင်း ဘဏ်တွေကို ငွေကစားတဲ့ နေရာမှာ မပါဖို့ သတိပေး ထားပါတယ်။
ဘဏ်တွေမှာ လည်ပတ် နေတာထက် ဘဏ်တွေ အပြင်ရောက်နေတဲ့ ဒေါ်လာ ပမာဏက ပိုများလို့ ထိန်းဖို့က အခက်အခဲ ရှိနိုင်တယ်လို့ ကမ္ဘောဇ ဘဏ်က အကြံပေး ဦးသန်းလွင်က ပြောပါတယ်။
ဒေါ်လာဈေး တက်မှု ဖြစ်နိုင်တဲ့ တခြား အကြောင်းရင်းတွေ ထဲမှာ ပွင့်လင်းရာသီ ဖြစ်တာကြောင့် ပြည်တွင်းကို သွင်းကုန်တွေ ပိုမို သွင်းလာမှုနဲ့ သစ်၊ ဆန်၊ ကျောက်မျက်၊ ပဲ စတဲ့ ပို့ကုန်တွေက ဝင်ငွေတွေဟာ အရင်လောက် မရ တာတွေ ပါဝင် ပါတယ်။
ဒါ့အပြင် ပြည်တွင်းက မြန်မာငွေနဲ့ ဝင်ငွေအများ အပြား ရနေတဲ့ နိုင်ငံခြား ဆက်သွယ်ရေး ကုမ္ပဏီတွေ ကလည်း ဒေါ်လာ ပြန်ဝယ် ကြတယ်လို့ သတင်းတွေ ထွက်နေပြီး ဈေးကွက်မှာ ဝယ်လိုအား ကောင်းနေပါတယ်။
မြန်မာငွေနဲ့ ဒေါ်လာလဲနှုန်း မတည်ငြိမ်ရင် စီးပွားရေး ထိခိုက်လာနိုင်တာ ကြောင့် ဈေးနှုန်း တစ်ခု တည်ငြိမ် နေအောင် ဗဟိုဘဏ်ကဆောင်ရွက် ပေးဖို့ လုပ်ငန်းရှင် တွေက မျှော်လင့်နေကြပါတယ်။