ငြိမ်းချမ်းရေးအတွက်အချိန်မဆွဲဖို့ ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲ ကော်မတီအစည်းအဝေး
ဓာတ်ပုံ ပုံစာ,

ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲ ကော်မတီအစည်းအဝေး

UPDJC လို့ခေါ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ အစည်းအဝေးမှာ ငြိမ်းချမ်းရေး ညီလာခံပြင်ပကနေ အချိန်ဆွဲမနေဖို့ တပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ် မထိုးရသေးတဲ့အဖွဲ့တွေကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကတိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် ဒုတိယ အကြိမ်ပင်လုံညီလာခံကို ၂၀၁၇ခု ဖေဖေါ်ဝါရီလမှာ ကျင်းပဖို့ လျာထားကြောင်းနဲ့ အဲဒီညီလာခံမတိုင်မီ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဝင် အားလုံးဟာ အပစ်ရပ်စာချုပ်မှာ လက်မှတ်ရေးထိုးပြီး ညီလာခံမှာ ပါဝင်ဖို့မျှော်လင့်ကြောင်းလည်း ပြောသွားပါတယ်

ပင်လုံညီလာခံ တက်ရောက်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ NCAလို့ခေါ်တဲ့ တနိုင်ငံလုံးအပစ်ရပ်စာချုပ်မှာ လက်မှတ်ရေးထိုးဖို့လိုအပ်ပါတယ်။

လက်မှတ်မထိုးရသေးတဲ့ UNFCအဖွဲ့ဘက်က အချက်၈ချက်တောင်းဆိုထားတဲ့အပေါ်အခုအခါ ၂ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အခုကျင်းပတဲ့ဆွေးနွေးပွဲမှာ အားလုံးပါဝင်ရေးနဲ့ပတ်သက်လို့လည်း ပြောဆိုခဲ့ကြတယ်လို့ အစည်းဝေးတက်ရောက်တဲ့ ဒေါက်တာ ဆလိုင်းလျန်မုန်းကဘီဘီစီကိုပြောပါတယ်။

နောက်နေ့ကျရင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲနဲ့ပတ်သက်လို့ လက်မှတ်မထိုးတဲ့အဖွဲ့တွေ တင်ပြထားတာကိုဆွေးနွေးမှာဖြစ်ပါတယ်

ဒီကနေ့ဆွေးနွေးပွဲမှာတော့ နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်ပြုလုပ်မယ့်ပုံစံ၊အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကြီးကြပ်ရေး ကော်မတီဖွဲ့စည်းဖို့စတဲ့ အချက်တွေကို သဘောတူနိုင်ခဲ့ပါတယ်။