အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပမယ်

ငြိမ်းချမ်းရေး

ဓာတ်ပုံ ရင်းမြစ်, MOI Myanmar

ဓာတ်ပုံ ပုံစာ,

လက်မှတ်မထိုးရသေးတဲ့ ကိုယ်စားလှယ်တွေနဲ့ ငြိမ်းချမ်းရေး ကော်မရှင်တို့ ဆွေးနွေးဖို့ရှိ

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ အစည်းအဝေးအပြီးမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့အတွက် ဆုံဖြတ်ချက် ကိုးချက် ချမှတ်နိုင်ခဲ့ပါတယ်။

နေပြည်တော်မှာ နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ ဒီအစည်းအဝေးမှာ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေကို ပထမဦးဆုံးကျင်းပနိုင်ဖို့အတွက် သက်ဆိုင်ရာ လမ်းညွှန်ချက်နဲ့ ကျင်းပမယ့်ပုံစံတွေကိုလည်း သဘောတူခဲ့ကြပါတယ်။

နောက်တဆင့်အနေနဲ့ အဆင့်သင့်ဖြစ်တဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ ဒီဆွေးနွေးပွဲတွေကို ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒီလိုဆွေးနွေးပွဲတွေကို နိုဝင်ဘာလလယ်လောက်မှာ စတင်နိုင်ဖို့ မျှော်လင့်ထားကြောင်း အပစ်ရပ် တိုင်းရင်းသားအဖွဲ့ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့တဲ့ ချင်းအမျိုးသားတပ်ဦးရဲ့ကိုယ်စားလှယ် ဒေါက်တာ လျန်မုန်းစာခေါင်းက ပြောပါတယ်။

လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေအနေနဲ့ ဒီဆွေးနွေးပွဲတွေမှာပါဝင်ဖို့အတွက် တနိုင်ငံလုံးအပစ်ရပ်ရေး စာချုပ်မှာ လက်မှတ်ထိုးရမှာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး လက်မှတ်မထိုးရသေးတဲ့ ကိုယ်စားလှယ်တွေနဲ့ ငြိမ်းချမ်းရေး ကော်မရှင်တို့ နိုဝင်ဘာ ပထမပတ်မှာ ဆွေးနွေးဖို့ရှိပါတယ်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ဦးဆောင်မယ့် ကြီးကြပ်မှု ကော်မတီကိုတော့ သုံးပွင့်ဆိုင်ပုံစံဖြစ်တဲ့ အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်က ၃ ဦး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ၃ ဦးနဲ့ နိုင်ငံရေးပါတီများက ၃ ဦး စုစုပေါင်း ၉ ဦးနဲ ဖွဲ့စည်းမှာဖြစ်ပါတယ်။

အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ လုံခြုံရေးနဲ့ ဆိုင်တဲ့ကိစ္စတွေ ဆွေးနွေးမှာမဟုတ်ပဲ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုကဏ္ဍတွေကိုသာ ဆွေးနွေးမှာဖြစ်ပါတယ်။

နိုင်ငံရေးကဏ္ဍ ဆွေးနွေးမှုမှာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုရေးရာနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အချက်အလက်တွေ ဆွေးနွေးသွားဖို့ရှိတယ်လို့ ဒေါက်တာ လျန်မုန်းက ပြောပါတယ်။

ဒီအမျိုးသားအဆင့် ဆွေးနွေးပွဲတွေက ရရှိတဲ့ အချက်အလက်တွေကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ကော်မတီမှာ ပြန်လည်သုံးသပ်ပြီး ကွဲလွဲချက်နဲ့ သဘောတူချက်တွေကို ၂၁ရာစု ပင်လုံညီလာခံမှာ ထပ်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

၂၁ရာစု ပင်လုံညီလာခံက သဘောတူတဲ့အချက်တွေကိုတော့ ပြည်ထောင်စု သဘောတူစာချုပ်အဖြစ် လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။