ကျောက်မျက် ဥပဒေသစ် က မျှတမှု မရှိလို့ မန္တလေးမှာ ဆန္ဒပြ

ပြည်ပကို တရားမဝင် ထုတ်နေတာတွေကို ပိုပြီး စိစစ် တင်းကြပ် နိုင်ဖို့နဲ့ ကုမ္ပဏီကြီးတွေ ကျောက်စိမ်း အလွန်အကျွံ ထုတ်ယူ တာတွေကို ရပ်တန့် နိုင်ဖို့က ပိုပြီး အရေးကြီး
လွှတ်တော်ကနေ ဒုတိယ အကြိမ်ပြင်ဆင်တဲ့ ကျောက်မျက် ဥပဒေဟာ ပြည်တွင်းက လက်လုပ်လက်စား ကျောက်စိမ်းသမားတွေကို ထိခိုက်နေတယ် ဆိုပြီး မန္တလေးမှာ ကျောက်စိမ်း ရောင်းဝယ်သူ လူ တစ်ထောင်ကျော်က မြို့တွင်းမှာ လှည့်လည် ဆန္ဒပြ ခဲ့ပါတယ်။
ဈေးကွက် ပျက်စီးနေတာ နှစ်နဲ့ ချီ ကြာနေပြီ ဖြစ်တဲ့ ပြည်တွင်း ကျောက်စိမ်း အရောင်းအဝယ် ကို ပို ဆိုးရွား ထိခိုက် စေနိုင်တဲ့ အချက်တွေ ကျောက်မျက် ဥပဒေထဲ ပါဝင် နေတယ် ဆိုတဲ့ ရှု့ထောင့် အမြင်မျိုး ရှိကြသူတွေ ထောင်ချီ စုရုံးလို့ မန္တလေးမှာ အောက်တိုဘာ ၂၉ ရက် စနေနေ့ က မြို့ထဲ လှည့်လည် ဆန္ဒပြ ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ လက ကျင်းပတဲ့ လွှတ်တော်ကနေ ဒုတိယအကြိမ် ပြင်ဆင်တဲ့ ကျောက်မျက် ဥပဒေမှာ ကျောက်လက်ဝယ်ထားရင် ဖမ်းဆီးလို့ရတယ် ဆိုတဲ့ အချက်မျိုးဟာ ၊ တနိုင်တပိုင် လုပ်ကိုင်စားကြတဲ့ လက်လုပ်လက်စား ရေမဆေး ကျောက်ရှာသူတွေ အပေါ် ပစ်မှတ် ထားတာမျိုး ဖြစ်နေတယ် လို့ ဆန္ဒပြသူတွေက မကျေမနပ် ဖြစ်နေကြပါတယ်။
အစိုးရ လိုင်စင်ခံ ကုမ္ပဏီကြီးတွေက ထုတ်ယူတဲ့ ကျောက်စိမ်းတွေ ဆိုတာ နိုင်ငံခြားကို ပို့ကြတာ ဖြစ်တဲ့ အတွက် ၊ အခုလို တနိုင်တပိုင် သမားတွေကို ကျောက် ကိုင်ဆောင်ခွင့်၊ သယ်ယူ သွားလာခွင့် မပြုဘူး ဆိုရင် ပြည်တွင်း ဈေးကွက်ပိုပြီး ထိခိုက်သထက် ထိခိုက် လာရမယ်လို့ ဆန္ဒပြသမားတွေက ယူဆ ထားကြတာပါ။
ကျောက်မျက်ရေးရာ မူဝါဒပိုင်းကို ဦးဆောင်ကိုင်တွယ်တဲ့ အုပ်ချုပ်ရေး အာဏာပိုင်တွေမှာ တာဝန် အပြည့်အဝ ရှိတယ်လို့ သူတို့ အနေနဲ့ ယူဆ ထားတဲ့ အတွက် အပြာင်းအလဲ လုပ်ပေးစေလို ကြောင်း ဆန္ဒပြပွဲ ဖြစ်မြောက်ရေး ကော်မတီဝင် ဦးဝင်းဝင်းကျော် ဘီဘီစီကို ပြောပါတယ်။
ပြည်တွင်းဈေးကွက် ပျက်မှာမျိုးတွေ လုပ်ဆောင်မယ့် အစား၊ ပြည်ပကို တရားမဝင် ထုတ်နေတာတွေကို ပိုပြီး စိစစ် တင်းကြပ် နိုင်ဖို့နဲ့ ကုမ္ပဏီကြီးတွေ ကျောက်စိမ်း အလွန်အကျွံ ထုတ်ယူ တာတွေကို ရပ်တန့် နိုင်ဖို့က ပိုပြီး အရေးကြီးတယ် လို့ ကျောက်စိမ်း သမား ဆန္ဒပြသူတွေက ပြောကြပါတယ်။
ဈေးကွက်ထဲမှာ ပြန်ရောင်းတဲ့ အခါ ဝယ်ဈေး အတိုင်း ပြန်မရဘဲ အရှုံးခံ ရောင်းချ နေရပြီး စားဝတ် နေရေး အတွက် အရှုံးခံပြီး လုပ်ငန်း လုပ်နေကြရတယ်လို့ မဟာအောင်မြေ ကျောက်စိမ်း ဈေးက ကျောက်စိမ်း ရောင်းဝယ်ရေး လုပ်နေတဲ့ ဒေါ်စီမက ကြုံတွေ့နေရတဲ့ ဈေးကွက်ရဲ့ လက်ရှိ အခြေအနေကို ပြောပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဦးဆောင်တဲ့ အစိုးရ တက်လာပြီး နောက်ပိုင်း အကြီးစား ကျောက်မျက် တူးဖေါ်တာနဲ့ ပတ်သက်ပြီး လိုင်စင် သက်တမ်း တိုးတာတွေ၊ လိုင်စင် အသစ် ချပေးတာတွေကို ရပ်ဆိုင်း ထားပါတယ်။
ပြီးခဲ့တဲ့လ လွှတ်တော် အစည်းအဝေးတွေက ပြင်ဆင်ခဲ့တယ် ဆိုတဲ့ ကျောက်မျက် ဥပဒေသစ် အရ ဧက ၅၀၀ အထက် တူးဖော် တဲ့ အကြီးစား တူးဖော်တာတွေ အားလုံး ရပ်ပစ်လိုက်ဖို့ ရှိနေပါတယ်။
ဖားကန့်မှာ စွန့်ပစ် မြေစာပုံတွေ ပြိုကျတာမျိုး ပြီးခဲ့တဲ့ နှစ်တွေတုန်းက မကြာခဏ ရှိခဲ့ပြီး လူတွေ ရာနဲ့ချီ အသက် ဆုံးရှုံးခဲ့ရတဲ့ အတွက် ရေမဆေး ကျောက် ရှာဖွေသူတွေကို ထိန်းချုပ်ဖို့ ဝေဖန် အကြံပြု တာတွေလည်း ရှိပါတယ်။
ကျောက်မျက် ဥပဒေသစ်ကတော့ နိုဝင်ဘာ လလယ်မှာ ပြန်လည် စတင်မယ့် လွှတ်တော် အစည်း အဝေး တွေမှာ တင်ပြပြီး အတည်ပြု သွားဖို့ ရှိနေပါတယ်။