NLD မအူပင် ကိုယ်စားလှယ် လိမ်လည်မှု နဲ့ တိုင်ကြားခံရ

မအူပင်

ဓာတ်ပုံ ရင်းမြစ်, NLD Maubin

ဓာတ်ပုံ ပုံစာ,

တရားဥပဒေ အတိုင်းသာ ဆောင်ရွက် သွားမှာ ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် တိုင်ကြားစာဌာန တာဝန်ခံ ဒေါက်တာ မျိုးညွန့်က ပြော

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်မှာ တိုင်းလွှတ်တော်ကိုယ်စားလှယ် (၂)ဦး နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး တချို့အပါအဝင် လူ (၁၆)ဦးကို ရဲစခန်းမှာ ပုဒ်မ (၄)ခုနဲ့ အမှုဖွင့်တိုင်ကြားထားပါတယ်။

မအူပင်မြို့နယ်နဲ့ ကျေးရွာအုပ်စုတွေမှာ ပြည်ထောင်စုအဆင့် လွှတ်တော်က ချပေးထားတဲ့ ဒေသဖွံဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း တစ်ထောင် ခွဲဝေသုံးစွဲတာနဲ့ ပတ်သက်လို့ ကညင်၀ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်မျိုးက မြို့နယ် ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားတာ ဖြစ်ပါတယ်။

NLD မြို့နယ် ဥက္ကဋ္ဌ ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၂)ဦး ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး(၂)ဦး နဲ့ ရွာသား (၁၀) ဦး စုစုပေါင်း (၁၆)ဦးကို လိမ်လည်မှု၊ ခြိမ်းခြောက်မှု၊ အသရေဖျက်မှု၊ အားပေးကူညီမှု စတဲ့ ပြစ်မှုဆိုင်ရာ ပုဒ်မ ၄၂၀၊ ၅၀၆၊ ၅၀၀၊ ၁၁၄ ပုဒ်မ (၄)ခုနဲ့ ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ မအူပင်မြို့နယ် ရဲစခန်းမှူး ဒုရဲမှူး ဦးသိန်းနိုင်အေးက ပြောပါတယ်။

ဒါနဲ့ ပတ်သက်လို့ အမှုဖွင့် တိုင်ကြား ခံထားရတဲ့ အမှုနဲ့ ပတ်သက်ပြီး ရန်ပုံငွေ တွေကို လူအများ ရှေ့မှာ ပွင့်လင်းမြင်သာ စွာ နဲ့ ဆောင်ရွက်ခဲ့တာ ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်ကိုလေးက တုန့်ပြန်ပါတယ်။

မအူပင် မြို့နယ် ဒေသဖွံဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း တစ်ထောင် ကို စက်တင်ဘာလတလကုန်ပိုင်းလောက်က လွှတ်တော်က ချထားပေးခဲ့ပြီး ဖြစ်ပါတယ်။

မြို့နယ်ကော်မတီရဲ့ အတည်ပြုချက်နဲ့ ချပေးခဲ့တဲ့ ဒီငွေပမာဏနဲ့ ပတ်သက်ပြီး နောက်တိုး အဖွဲ့တွေ မပါဝင် လို့ အခုလို အမှုဖွင့်ခံရတာ လို့ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်း က ပြောပါတယ်။

တိုင်ကြားခံရမှုမှာ ပါတီ လွှတ်တော်ကိုယ်စားလှယ်နဲ့ ပါတီဝင် အချို့ ပါဝင် နေတဲ့ အတွက် တရားဥပဒေ အတိုင်းသာ ဆောင်ရွက် သွားမှာ ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် တိုင်ကြားစာဌာန တာဝန်ခံ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။

မအူပင် မြို့နယ် ဒေသဖွံဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း တစ်ထောင်နဲ့ ပတ်သက်တဲ့ တိုင်ကြားမှုကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီး ကိုင်တွယ်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း လို့ မြို့နယ် စခန်းမှူးက ပြောပါတယ်။