စစ်အစိုးရသမိုင်း အမှန်တိုင်းရေးဖို့ ဝန်ကြီး တိုက်တွန်း

ဓာတ်ပုံ ရင်းမြစ်, AFP
၈၈ သမိုင်းကို ပြည်သူတွေ သိဖို့လို
ယဉ်ကျေးမှု ဌာန အောက်က မြန်မာ သမိုင်းအဖွဲ့ကို အဖွဲ့ဝင်သစ်တွေ ဖြည့်စွက် ခန့်ထားပေးမယ့်အပြင် လွတ်လပ်ပြီး နောက်ပိုင်း သမိုင်းကို အမှန်တိုင်း ပြုစု ရေးသားဖို့ ယဉ်ကျေးမှုနဲ့ သာသနာရေး ဝန်ကြီး သူရ ဦးအောင်ကိုက သမိုင်း ပညာရှင်တွေနဲ့ တွေ့ဆုံရာမှာ ပြောကြား ခဲ့ပါတယ်။
ဒီလို ရေးသားရာမှာ စစ်အစိုးရခေတ်မှာ တာဝန်ရှိသူ တယောက်ဖြစ်တဲ့ သူကိုယ်တိုင်လည်း တရားခံ တယောက် ဖြစ်တာမို့ အမှန်အတိုင်း ရေးကြဖို့ ဦးအောင်ကိုက ပြောကြားတယ်လို့ မြန်မာ သမိုင်းအဖွဲ့ဝင် အငြိမ်းစား ပါမောက္ခ ဦးကျော်က ဆိုပါတယ်။
ဗိုလ်ချုပ်မှူးကြီး စောမောင် လက်ထက်က မြန်မာ သမိုင်း ဖြစ်ရပ်မှန် အဖွဲ့ ဆိုပြီး သမိုင်းစာအုပ်တွေ ထုတ်ဝေ ခဲ့ပါတယ်။
အဲဒီလို ထုတ်ဝေရာမှာတော့ ၁၉၆၂ အာဏာသိမ်းတဲ့ အကြောင်းကို အခြေအနေအရ လွှဲပြောင်း တာဝန်ယူတယ် လို့ပဲ ရေးသားခဲ့ရတယ်လို့ ဦးကျော်က ရှင်းပြ ပါတယ်။
အခုတော့ ၁၉၈၈ အရေးအခင်း၊ ၂ဝဝ၇ သံဃာ့ အရေးအခင်းနဲ့ ဒီပဲယင်း အရေးအခင်း စတဲ့ ကိစ္စတွေ အကြောင်း ကြုံခဲ့ရသူတွေကို မေးမြန်းပြီး တိကျ ခိုင်မာအောင် ရေးသားကြဖို့ ယဉ်ကျေးမှု ဝန်ကြီးက တိုက်တွန်းခဲ့ပါတယ်။
ဒါဟာလည်း လက်စားချေ လိုတဲ့ ရည်ရွယ်ချက် မဟုတ်ဘဲ စစ်အစိုးရ အုပ်ချုပ်မှုမျိုး ပြန်မရောက်အောင် သင်္ခန်းစာ ယူနိုင်ဖို့ပဲလို့ သူက ဆိုပါတယ်။