ဂျပန် ဝန်ကြီးချုပ်နဲ့ စီးပွားရေး အကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ် ဆွေးနွေးမယ်

ဒေါ်အောင်ဆန်းစုကြည်
ဓာတ်ပုံ ပုံစာ,

တိုကျိုလေဆိပ် ဟာနဲ့ဒကို ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်နိုင်ငံ တိုကျိုမြို့တော်ကို နိုဝင်ဘာ ၁ ရက် အင်္ဂါနေ့ ညနေပိုင်း အချိန်က ရောက်ရှိခဲ့ပြီ ဖြစ်ပြီး သူ့ရဲ့ ၅ ရက်ကြာ ဂျပန်ခရီးစဉ် စတင် နေပြီ ဖြစ်ပါတယ်။

ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေးနဲ့ ဗုဒ္ဓဟူးနေ့ ညပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဖို့ ရှိနေပြီး နှစ်နိုင်ငံကြား စီးပွားရေး အကြောင်း ချင်းရာတွေကို ဆွေးနွေး ကြလိမ့်မယ်လို့ တိုကျို မြို့တော်က လာတဲ့ သတင်းတွေက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန် ခရီးစဉ် အတွင်း အစိုးရ အာဏာပိုင်တွေ၊ စီးပွားရေး လုပ်ငန်းရှင် တွေနဲ့သာမက၊ တခါက သူ ပညာရှင် တစ်ယောက် အနေနဲ့ သုတေသန သွားလုပ် ခဲ့ဖူးတဲ့ ကျိုတို တက္ကသိုလ်က ကျောင်းသူ ကျောင်းသားတွေနဲ့ တွေ့ဆုံ သွားဖို့ စီစဉ် ထားပါတယ်။

ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာတော့ မြန်မာ သံရုံးရဲ့ အစီအစဉ်နဲ့ တိုကျိုမြို့က Rihga Royal Hotel မှာ ဂျပန်ရောက် မြန်မာ နိုင်ငံသား တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ ပါလိမ့်မယ်။

နိုင်ငံရေး လှုပ်ရှားမှု တွေကြောင့် ဖြစ်စေ၊ အခွန် ကိစ္စတွေကြောင့် ဖြစ်စေ အရင် အစိုးရ အဆက်အဆက် လက်ထက် မြန်မာ သံရုံးနဲ့ အဆက်အဆံ မရှိပဲ မြန်မာ ပတ်စ်ပို့ နိုင်ငံကူး လက်မှတ် သက်တမ်းကုန် နေကြသူတွေ အနေနဲ့ ပတ်စ်ပို့ ပြန်လည် ရရှိ နိုင်ရေး အဓိက ပြောဆို သွားမယ်လို့ အဲဒီ့ တွေ့ဆုံပွဲကို တက်မယ့် ပြည်ထောင်စု မြန်မာနိုင်ငံသားများ အသင်းက ဦးကျော်ကျော်စိုး က ဘီဘီစီကို ပြောပါတယ်။