ဂျပန် က မြန်မာကို ငါးနှစ်အတွင်း ၇.၇၃ ဘီလီယံ ကူညီမယ်

ဓာတ်ပုံ မူပိုင် MOFA
Image caption နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန် ၀န်ကြီးချုပ် ရှင်ဇို အာဘေး

ဂျပန် က မြန်မာနိုင်ငံကို ငါးနှစ်အတွင်း ၇.၇၃ ဘီလီယံ တန်ဖိုးရှိတဲ့ အထောက်အပံ့တွေ ကူညီ ပေးသွားမယ်လို့ ဂျပန် ၀န်ကြီးချုပ် ရှင်ဇို အာဘေးက ပြောကြားလိုက်ပါတယ်။

ဂျပန်ကို ရောက်နေတဲ့ မြန်မာ နိုင်ငံခြားရေး ၀န်ကြီးလည်းဖြစ် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့အပြီး ကျင်းပခဲ့တဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ကြေညာခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ထောက်ပံ့မှုတွေထဲမှာ ငွေချေးငှားမှုတွေ ၊ ဖွံ့ဖြိုးရေးနဲ့ ပြန်လည် သင့်မြတ်ရေး ဆိုင်ရာတွေ အတွက် ရင်းနှီးမြုပ်နှံမှုတွေ ပါ၀င်ပါတယ်။

ဒီနေ့ နို၀င်ဘာ ၂ ရက်နေ့ မနက်ကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ တိုကျို မြို့လယ် တာကာဒါ နိုဘာဘာ အရပ်က Rahga Hotel ဟော်တယ် မှာ ဂျပန်ရောက် မြန်မာ နိုင်ငံသားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီပွဲမှာ မြန်မာ နိုင်ငံသား တထောင်လောက် တက်ရောက်ပြီး သူတို့ မေးမြန်းလိုသမျှ ရေးထားတာတွေကို ဒေါ်အောင်ဆန်းစုကြည်က ကျဘမ်း မဲနှိုက်ကာ ဖြေကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၃ ခုနှစ် ဂျပန် ခရီးစဉ် အတွင်းမှာလည်း အခုလို မြန်မာ နိုင်ငံသားတွေနဲ့ တွေ့ဆုံဖူးခဲ့ပြီး အခု တခေါက်မှာတော့ မေးခွန်းကို ဂရုတစိုက် သတိထား ဖြေကြားခဲ့တာကို ထူးထူးခြားခြား တွေ့ရတယ်လို့ ဒီပွဲကို တက်ရောက်ခဲ့တဲ့ ပလောင်တိုင်းရင်းသား ကိုမိုင်ကျော် ဦးက ပြောပါတယ်။

ဒါ့အပြင် လက်ရှိ မြန်မာနိုင်ငံမှာ စစ်အစိုးရ လက်ထက်က ရေးခဲ့တဲ့ ဖွဲ့စည်းပုံနဲ့ သွားနေရတာမို့ အိမ်ဟောင်းကို ပြင်ပြီး နေရတဲ့ အခြေအနေမို့ စိတ်ရှည် သည်းခံဖို့ လိုတယ်လို့ ဆိုပါတယ်။

ပြည်ပရောက် မြန်မာနိုင်ငံသားတွေ အနေနဲ့ တပြေးညီ ဖြစ်အောင် အခွန်ဆောင်ဖို့ ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့ကြောင်း လည်း ကိုမိုင်ကျော်ဦးက ပြောသွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ