AIB သတင်းဆု ရွေးကောက်ပွဲတင်ဆက်မှုနဲ့ ဘီဘီစီမြန်မာပိုင်းရရှိ

AIB သတင်းဆု ရွေးကောက်ပွဲတင်ဆက်မှုနဲ့ ဘီဘီစီမြန်မာပိုင်းရရှိ
ဖြစ်ရပ်မှန် ရုပ်မြင်သံကြား၊ ရေဒီယိုနဲ့ အွန်လိုင်း ထုတ်လွှင့်ချက်တွေ ထဲက ကဏ္ဍအသီးသီး အလိုက် အကောင်းဆုံး အစီအစဉ်တွေကို AIB ဆုတွေ နှစ်စဉ် ရွေးချယ် ဆုပေးနေတာမှာ ၂ဝ၁၆ ခုနှစ်၊ ၁၂ ကြိမ်မြောက် အခမ်းအနားမှာတော့ ဘီဘီစီ မြန်မာပိုင်း အစီအစဉ်က အကောင်းဆုံး ရေဒီယို ဂျာနယ်လစ်ဇင်ဆု ရရှိပါတယ်။
၂ဝ၁၅ မြန်မာနိုင်ငံ ရွေးကောက်ပွဲကို ဘီဘီစီ မြန်မာပိုင်းက အချိန်နဲ့ တပြေးညီ သတင်းယူ အသံလွှင့် တင်ဆက်ခဲ့မှု အတွက် အဲဒီ့ဆုကို ပေးအပ် ခဲ့တာပါ။
ရွေးကောက်ပွဲ သတင်း တင်ဆက်မှုမှာ အင်မတန် ဘက်မျှတယ်၊ လူအများရဲ့ အသံ စုံလင်စွာ ထင်ဟပ် ဖော်ပြနိုင်တယ်၊ ရေဒီယို အစီအစဉ် အနေနဲ့ သောတရှင်တွေ အဖို့ စိတ်ဝင်စားဖွယ် ဆွဲဆောင် နိုင်စွမ်း ရှိတယ်ဆိုတဲ့ ဆန်းစစ် သုံးသပ်မှုတွေ နဲ့အတူ AIB အကောင်းဆုံး ရေဒီယို ဂျာနယ်လစ်ဇင်မ် ဆုကို မြန်မာ ဌာနက ရရှိ နိုင်ခဲ့တာ ဖြစ်ပါတယ်။
အကောင်းဆုံး ရေဒီယို ဂျာနယ်လစ်ဇင် ဆု နဲ့ အတူ ရုပ်သံ သတင်းပညာ၊ ပြည်တွင်းနဲ့ ပြည်ပ ရေးရာ၊ သတင်းဖော်ထုတ် တင်ပြမှု၊ သိပ္ပံ ၊ ကလေး၊ အားကစား စတဲ့ ကဏ္ဍ အသီးသီး အတွက် သတင်းပညာဆုတွေကို နိုဝင်ဘာ ၂ ရက် ဗုဒ္ဓဟူးနေ့ တုန်းက လန်ဒန်မြို့မှာ ညစာစားပွဲ ခမ်းခမ်းနား ကျင်းပပြီး ချီးမြှင့် ခဲ့တာပါ။
ဘီဘီစီမြန်မာပိုင်းရဲ့ ရွေးကောက်ပွဲ တင်ဆက်မှုက SBS သတင်းဌာနရဲ့ ဆီးရီးယားက ကာ့ဒ် လူမျိုး ဒုက္ခသည် တယောက်ရဲ့ ဂျာမနီ ခရီး၊ Radio Sawa ရဲ့ The Landmine Man၊ Radio Television Hong Kong ရဲ့ ဟောင်ကောင် ထီး လှုပ်ရှားမှု အကြောင်း Last Summer in the Sea of Umbrellas -When the Tear Gas Rains အစီအစဉ်တွေနဲ့အတူ ဆန်ကာတင် စာရင်းမှာ ယှဉ်ပြိုင် ရရှိခဲ့တာ ဖြစ်ပါတယ်။
AIB အဖွဲ့ဟာ ကမ္ဘာတလွှားက နာမည်ရ အသိအမှတ် အပြုခံရပြီးသား သတင်းဌာနတွေ ရဲ့ ကွန်ရက် အဖွဲ့အစည်း ဖြစ်ပြီး ၁၉၉၃ ခုနှစ်ကတည်းက စတင် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
အရင်ကလည်း ဘီဘီစီမြန်မာပိုင်း ဌာန အနေနဲ့ AIB အထူးဆု ၂ ကြိမ် ရရှိ ခဲ့ဖူးပါတယ်။
နှစ်ပေါင်းများစွာ အတွင်း မြန်မာ နိုင်ငံမှာ ရွေးကောက်ပွဲ တစ်ရပ်ကို လွတ်လွတ်လပ်လပ်နဲ့ ကျင်းပခွင့် ရလာခဲ့ပြီး အဓိက အတိုက်အခံတွေ ပါဝင်ခွင့် ရရှိလာတဲ့ ၂ဝ၁၅ ရွေးကောက်ပွဲ အပေါ် မြန်မာ ပြည်သူလူထုက စိတ်ဝင်တစားနဲ့ တက်တက်ကြွကြွ ရှိခဲ့သလို၊ ဘီဘီစီ မြန်မာ ဌာန အနေနဲ့လည်း အထူး အာရုံစိုက် အင်အား စိုက်ထုတ်ပြီး လေလှိုင်းကနေ တိုက်ရိုက် ထုတ်လွှင့် တင်ဆက်ခဲ့ပြီး ရွေးကောက်ပွဲ အတွင်း အများပြည်သူရဲ့ သဘောထား အမြင်တွေ၊ အတွေ့အကြုံတွေကို ထင်ဟပ် ဖော်ပြနိုင်ဖို့ ကြိုးစား ခဲ့ပါတယ်။
AIB ဆုရတာဟာ အခုလို ကြိုးစားခဲ့မှုတွေ အတွက် အသီးအပွင့်ပဲ ဆိုပြီး ဘီဘီစီ မြန်မာပိုင်း ဌာနမှုး ဒေါ်တင်ထားဆွေက ပြောပြီး၊ အခုလို နိုင်ငံတကာ သတင်းဌာနတွေနဲ့ ယှဉ်ပြိုင်ရင်း အသိအမှတ် ပြုခံရတာဟာ ဘီဘီစီ သောတရှင်တွေကို တနည်းတဖုံ ကျေးဇူး ဆပ်ရာ ရောက်တယ်လို့ ခံစားရတယ် လို့လည်း ဆိုပါတယ်။
အခုလို နိုင်ငံတကာ ဆုတံဆိပ် ရခဲ့တာဟာ ဘီဘီစီ မြန်မာဌာန အနေနဲ့ သောတရှင်တွေ အပေါ် ပိုလို့တောင် တာဝန် ရှိလာတယ်လို့ မှတ်ယူပါကြောင်းလည်း ဌာနမှုး ဒေါ်တင်ထားဆွေက ပြောပါတယ်။