ရဲကင်းစခန်းကို မော်တော်ဆိုင်ကယ်နဲ့ လာရောက်တိုက်ခိုက်

ဓာတ်ပုံ ရင်းမြစ်, AFP
မောင်တောအနီး နယ်ခြားစောင့်ရဲများ
ရခိုင်ပြည်နယ် မောင်တောမြို့တောင်ပိုင်း ဘာဂူးနန် ခေါ် နိုရူလာ ကျေးရွာ အနီးမှာ ရဲကင်းစခန်းကို ခေျာင်းမြောင်း တိုက်ခိုက်မှုဖြစ်ပွားခဲ့ပါတယ်။
အဲဒီရွာနားမှာ စခန်းချထားတဲ့ ရဲကင်းစခန်းကို ကုလားတွေက လာတိုက်တယ်လို့ အနီးအနား ရွာတရွာက ရွာသားတယောက်က ဘီဘီစီကို ပြောပါတယ်။
ရွာသားပြောဆိုတဲ့ ကုလားဆိုတာဟာ ရခိုင်ပြည်နယ်မှာ လတ်တလော ပဋိပက္ခ ဖြစ်ပွားနေတဲ့ ရိုဟင်ဂျာကို ဆိုလိုပုံရပါတယ်။
သေနတ်သံတွေကို ညနေ ၆ နာရီကျော်လောက်ကတည်းက စတင်ကြားရပြီး ည ၈ နာရီထိုးကာနီးအထိ သေနတ်သံ မစဲသေးဘူးလို့လည်းဆိုပါတယ်။
လာရောက်တိုက်ခိုက်သူတွေဟာ မော်တော်ဆိုင်ကယ်နဲ့ လာရောက်တိုက်ခိုက်တာ ဖြစ်ပြီး သူတို့ထွက်ပြေးသွားပြီးနောက်မှာ လက်လုပ် ဓာတ်ဆီဗုံးတချို့ ကျန်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုကြောင့် ရဲတယောက်သေဆုံးခဲ့ပြီး နောက်ထပ် ရဲတယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေလည်း ဒဏ်ရာရသူရှိတယ်လို့ ဘီဘီစီ သတင်းထောက်က သတင်းပေးပို့ ပြောကြားပါတယ်။