လွတ်လပ် မျှတတဲ့ စုံစမ်းစစ်ဆေးမှု လုပ်ပေးဖို့ တောင်းဆို

ဓာတ်ပုံ ရင်းမြစ်, MOI
ကုလနဲ့ သံအရာရှိတွေ အခင်းဖြစ်ပွားရာ နေရာကို စစ်ဆေး ကြည့်ရှစဉ်
ရခိုင်ပြည်နယ်မှာ လူအခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ် ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်နေတဲ့ အတွက် လွတ်လပ်ပြီး မျှတတဲ့ စုံစမ်းစစ်ဆေးမှု လုပ်ပေးဖို့ ကုလသမဂ္ဂ ထိပ်တန်း အရာရှိတွေနဲ့ မြန်မာနိုင်ငံ ဆိုင်ရာ နိုင်ငံတကာ သံအမတ်တွေက စုပြီး တောင်းဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ လက အကြမ်းဖက် တိုက်ခိုက်မှုတွေ စဖြစ်ခဲ့တဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသကို အဲဒီ ကုလသမဂ္ဂနဲ့ သံအရာရှိတွေ နှစ်ရက်ကြာ သွားရောက် ခဲ့ပြီးတဲ့နောက် အခုလို တောင်းဆိုချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ကိုးရက်နေ့က စဖြစ်ခဲ့တဲ့ နယ်စပ် ရဲကင်းတွေကို အကြမ်းဖက်မှု တိုက်ခိုက်မှုတွေ အတွင်း ရဲ၀န်ထမ်း ကိုးယောက် သေဆုံးခဲ့ပြီး အဲဒီနောက်ပိုင်း ဒေသတွင်းမှာ စစ်သားတွေက အမျိုးသမီးတွေကို အဓမ္မ ပြုကျင့် ၊ လုယက် ဖျက်စီးမှု အပြင် တရားနည်းလမ်း မကျတဲ့ သတ်ဖြတ်မှုတွေ ကျူးလွန်နေတယ် ဆိုတဲ့ စွပ်စွဲ ပြောဆိုမှုတွေ ထွက်ပေါ်နေပါတယ်။
လွတ်လပ်မျှတတဲ့ စုံစမ်း စစ်ဆေးမှုတွေ လုပ်ပေးဖို့ ကုလသမဂ္ဂ နဲ့ သံအရာရှိတွေရဲ့ တောင်းဆိုချက်ကို လုပ်ပေးဖို့ စဉ်းစားနေတယ်လို့ မြန်မာ အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ဘီဘီစီကို ပြောပါတယ်။
ကုလသမဂ္ဂနဲ့ သံအရာရှိကြီးတွေရဲ့ ခရီးစဉ် အတွင်း မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ် မစ္စ ရီနားတား ၊ အမေရိကန် ၊ ဗြိတိန် ၊ အီးယူ ၊ အိန္ဒိယ ၊ အီဂျစ် ၊ အင်ဒိုနီးရှား ၊ တရုတ် နဲ့ တူရကီ က သံအမတ်တွေ နဲ့ အတူ နယ်စပ်ရေးရာ ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး ရဲအောင် ၊ ရခိုင် ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုနဲ့ လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ကျော်ဇံ တို့လည်း လိုက်ပါခဲ့ကြပါတယ်။
ဒီအဖွဲ့ဟာ စစ်တွေကနေ မောင်တာတောင်ပိုင်းကို ရဟတ်ယာဉ်တွေနဲ့ သွားရောက်ကာ ရဲတပ်ရင်း ၃၉ ကို သွားရောက်ခဲ့ပြီး အဲဒီကတဆင့် မောရ၀တီ ၊ ဇော်မတက် ၊ အလယ်သံကျော် ရွာတွေကို သွားရောက်ကာ ရခိုင် တိုင်းရင်းသားတွေကာ မူဆလင် အသိုင်းအဝိုင်း နဲ့ပါ တွေ့ဆုံခဲ့ကြပါတယ်။
ဒါ့အပြင် ရသေ့တောင် မြို့နယ် ကိုးတန်ကောက် ကျေးရွာကိုလည်း သွားရောက်ခဲ့တယ်လို့ သိရပါတယ်။
ဇော်မတက် ကျေးရွာ အရောက်မှာ ဒေသခံတွေကို လုံခြုံရေး အဖွဲ့တွေက အနှောက်အယှက်ပေး ၊ ရိုက်မောင်း ခေါ်ယူ စစ်ဆေး မေးမြန်းတာ ရှိလားလို့ မေးတဲ့ အခါ မရှိဘူးလို့ ဖြေကြားခဲ့သလို အဓမ္မ ပြုကျင့်မှုနဲ့ လူမျိုးတုန်း သတ်ဖြတ်မှုတွေ ရပ်ပါဆိုတဲ့ ဆိုင်းဘုတ်တွေနဲ့ ကိုင်ဆောင် ဆန္ဒပြနေကြတဲ့ ကိုးတန်ကောက်ရွာ အရောက်မှာ ဒေသခံတွေကို လုံခြုံရေး အဖွဲ့တွေက အဓမ္မ ပြုကျင့်မှု ရှိလားလို့ မေးတော့ မရှိဘူးလို့ ဖြေခဲ့ကြောင်း ရခိုင်ပြည်နယ် လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ဦးအောင်ကျော်ဇံ က ပြောပါတယ်။