ရခိုင်အရေး လွတ်လပ်ပွင့်လင်းတဲ့ စုံစမ်းမှု လိုအပ်

ဓာတ်ပုံ ရင်းမြစ်, EPA
လုံခြုံရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးဖို့ အစိုးရကို တိုက်တွန်းခဲ့
မောင်တောဒေသက တိုက်ခိုက်မှု ဖြစ်စဉ်တခုလုံးကို ကောက်ချက် မချနိုင်သေးပေမယ့် လွတ်လပ်ပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ လိုတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ရဲ့ ညှိနှိုင်းရေးမှူး မစ္စ ရီနာတာ လော့ ဒက်ဆယ်လီယန်က တိုက်တွန်းလိုက်ပါတယ်။
မစ္စ ဒက်ဆယ်လီယန်နဲ့ တကွ တခြားနိုင်ငံတကာ သံတမန်တွေပါဝင်တဲ့ ၂ရက်ကြာ မောင်တော ခရီးစဉ်အပြီး ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက အခုလို တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။
မောင်တောဒေသဘက်မှာ မီးလောင်ပျက်ဆီးနေတဲ့ အိမ်တွေကိုတွေ့ခဲ့ရပြီး တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးရသူတွေဟာ ပြန်လာဖို့ ကြိုးစားနေကြတဲ့အတွက် သူတို့အတွက် လုံခြုံရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးဖို့ အစိုးရကို တိုက်တွန်းခဲ့တယ်လို့ မစ္စ ဒက်ဆယ်လီယန်က ပြောပါတယ်။
ဒါ့အပြင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီးတော့လည်း ကုလသမဂ္ဂဘက်က စိုးရိမ်မှု ရှိနေတဲ့အကြောင်း သူကပြောပါတယ်။
ဒီခရီးစဉ်ဟာ အချက်အလက် စုံစမ်းဖို့မဟုတ်ပဲ အစိုးရဖိတ်ကြားမှုနဲ့ သွားရောက်ခဲ့တာ ဖြစ်ပြီး ကျေးရွာအားလုံးနီးပါး ရောက်ခဲ့တယ်လို့ သူက ဆက်ပြောခဲ့ပါတယ်။
ဒီဒေသက တိုက်ခိုက်မှုတွေမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီးတော့လည်း ကြီးမားတဲ့ ထိခိုက်မှုတွေ မတွေ့ခဲ့ရဘူးလို့ ရွာသားတွေနဲ့ စကားပြောခွင့်ရခဲ့တဲ့ ဗြိတိန်သံအမတ်ကြီး အင်ဒရူး ပတ်ထရစ်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
ကုလသမဂ္ဂနဲ့ နိုင်ငံတကာဘက်က လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အထောက်အထားတွေရှိရင်လည်း မြန်မာအစိုးရဘက်ကို ပေးအပ်နိုင်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဘီဘီစီကို ပြောဆို ထားပါတယ်။
ဒီခရီးစဉ်ဟာ မောင်တောဒေသ တိုက်ခိုက်မှုတွေအပြီးမှာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအနေနဲ့ ပထမဦးဆုံးအကြိမ် သွားရောက် လေ့လာခွင့်ရခဲ့တာ ဖြစ်ပါတယ်။
ဒီခရီးစဉ်အတွင်းမှာ ကုလသမဂ္ဂအရာရှိတွေသာမက အမေရိကန်၊ ဗြိတိန်နဲ့ တခြား ဥရောပသမဂ္ဂနိုင်ငံတွေက သံအမတ် ၉ ဦးတို့လည်း ပါဝင်ခဲ့ပြီး အာဏာပိုင်တွေနဲ့သာမက ဒေသခံတွေနဲ့ပါ ဆွေးနွေးခွင့်ရခဲ့ပါတယ်။
မောင်တောဒေသမှာ အောက်တိုဘာ ၉ရက်နေ့ကစပြီး ဖြစ်ပွားခဲ့တဲ့ နယ်ခြားတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရမှုနဲ့ နယ်မြေရှင်းလင်းရေး လုပ်တဲ့အချိန်မှာ တိုက်ခိုက်ခံရမှုတွေကြောင့် လူ ၁၅ဦးထက်မနည်း သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။
ဒေသခံတွေဘက်ကတော့ တိုက်ခိုက်မှုတွေ ဆက်ရှိနေသေးတဲ့အတွက် လုံခြုံရေးအတွက် စိုးရိမ်မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။