ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)ပြင်ဆင်ပေးဖို့ လှုံ့ဆော်

Communication Act

ဓာတ်ပုံ ရင်းမြစ်, Maung Saungkha facebook

ဓာတ်ပုံ ပုံစာ,

ဆက်သွယ်ရေးဥပဒေ ပြင်ပေးဖို့ လှုံဆော်နေတဲ့ မောင်ဆောင်းခနဲ့ ရဲအရာရှိ တို့ တွေ့ဆုံစဉ်

ဆက်သွယ်ရေးပုဒ်မ တစ်ခုဖြစ်တဲ့ ၆၆ (ဃ) ကို အမြန်ဆုံးပြင်ဆင်ပေးဖို့ အတွက် နေပြည်တော်မှာ လှုံ့ဆော်မှု တစ်ခု ပြုလုပ်ခဲ့ပါတယ် ။

ဒီလှုံဆော်မှုကို ကဗျာဆရာ မောင်ဆောင်းခ အဖွဲ့က ဦးဆောင်ခဲ့တာ ဖြစ်ပြီး နေပြည်တော် ကောင်စီ နယ်မြေအတွင်းမှာ ပထမဆုံးအကြိမ် လုပ်ဆောင်တဲ့ လှုံဆော်မှု ဖြစ်ပါတယ်။

သူတို့ ဖြန့်ဝေတဲ့ လက်ကမ်းစာစောင်ထဲမှာ ဒီပုဒ်မနဲ့ ဖမ်းဆီးခံရသူတွေကို အာမခံ ပေးလို့ ရခြင်း မရခြင်းကို ရှင်းလင်းစွာ မရေးထားဘဲ လူတစ်ဦး တစ်ယောက်ကို လုပ်ကြံဖန်တီး၍ ထောင်ချနိုင်ခြင်း ဆိုတဲ့ အကြောင်းတွေကြောင့် ဒီပုဒ်မကို အမြန်ဆုံးပြင်ဆင် ပေးဖို့ တောင်းဆိုထားတာ ဖြစ်တယ်လို့ မောင်ဆောင်းခ က ပြောပါတယ်။

လက်ရှိ တည်ဆဲဥပဒေအရတော့ ပုဒ်မ ၆၆ ဃ ဟာ အာမခံ မရတဲ့အမှု ဖြစ်နေပြီး ထောင်ဒဏ်ကလဲ ၃ နှစ်ထိ ချလို့ ရပါတယ် ။

မြန်မာနိုင်ငံမှာ ဒီပုဒ်မနဲ့ တရားဆွဲခံရတဲ့ အမှုသည်ပေါင်း ၂၀ ကျော်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ကဗျာဆရာ မောင်ဆောင်းခ ကိုယ်တိုင် ဒီပုဒ်မနဲ့ သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်က ဖမ်းဆီးခံခဲ့ရသူ ဖြစ်ပါတယ်။

ပုဒ်မ ၆၆ ဃ ရဲ့ ပြဌာန်း ချက်မှာတော့ ဆက်သွယ်ရေးကွန်ယက် တစ်ခုခုကို အသုံးပြုပြီး ပုဂ္ဂိုလ် တစ်ဦးဦးအား ခြောက်လှန့် တောင်းယူခြင်း ၊ အနိုင် အထက်ပြု ကျင့်ခြင်း ၊ မတရား တားဆီး ကန့်ကွက်ခြင်း အသရေဖျက်ခြင်း ၊ နှောက်ယှက်ခြင်း ၊ ခြိမ်းခြောက်ခြင်း ပြုလုပ်ကြောင်း ပြစ်မှု ထင်ရှားလျှင် ထောင်ဒဏ် ၃ နှစ် ဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ကျခံစေ ရမယ်လို့ ပါရှိပါတယ်။

ဆက်သွယ်ရေးဥပဒေနဲ့ ပတ်သက်ပြီး လက်ရှိလွှတ်တော်မှာတော့ ပြင်ဆင်ဖို့ ဥပဒေကြမ်း ကော်မတီကို တင်ပြထားတာမရှိ သေးဘူးလို့ ဥပဒေကြမ်း ကော်မတီ ဥက္ကဌဦးထွန်ထွန်းဟိန်က ပြောသလို ပြည်သူ့ လွှတ်တော် ဆက်သွယ်ရေး ကော်မတီမှာလည်း ဒီပုဒ်မနဲ့ ပတ်သက်ပြီး ပြင်ဆင်ဖို့ ဆောင်ရွက်တာမရှိသေးဘူးလို့ ဆိုပါတယ်။

အခုလို ၆၆ ဃနဲ့ ပတ်သက်ပြီး ပြင်ဆင်ဖို့ လှုပ်ရှားမှု ဆောင်ရွက်နေသလို ဆက်သွယ်ရေးဥပဒေနဲ့ ပတ်သက်ပြီး ဘာတွေ ပြင်ဆင်သင့်လဲ ဘာတွေ ဖြည့်စွက် သင့်လဲဆိုတဲ့ အစီရင်ခံစာ တစ်စောင်ကို ၃ လအတွင်းထုတ် ပြန်ဖို့ ပညာရှင်တွေနဲ့ ဆောင်ရွက်နေတယ်လို့ မောင်ဆောင်းခ ကပြောပါတယ်။

ဒီဥပဒေပြင်ဆင်ဖို့ မောင်ဆောင်းခနဲ့ အဖွဲ့ဟာ ဇဗ္မူသီရိတရားရုံးကို လာရောက်တဲ့အခါ ရဲတပ်ဖွဲ့ က တားဆီးခဲ့ပေမဲ့ နေလည်ပိုင်းမှာတော့ ညှိနှိုင်းလို့ ရတဲ့အတွက် လှုံဆော်မှုတွေ လုပ်ဆောင်နိုင်ခဲ့ပါတယ်။