ဖားကန့် ကျောက်ကုမ္ပဏီ မိုင်းခွဲမှု ကေအိုင်အေလက်ချက်လို့ ရဲဆို

phakant
ဓာတ်ပုံ ပုံစာ,

ဖားကန့်ကျောက်တွင်း မြင်ကွင်း

ကချင်ပြည်နယ်၊ ဖားကန့်က ရတနာရောင်ခြည် ကျောက်မျက် တူးဖော်ရေး ကုမ္ပဏီကို နိုဝင်ဘာလ (၂)ရက် က မိုင်းထောင် ဖျက်ဆီးခံရမှုနဲ့ ပတ်သက်လို့ ကျူးလွန်သူတွေကို ဓားပြမှု၊ မီးရှို့ဖျက်ဆီးမှု ၊ ပေါက်ကွဲစေတဲ့အမှု စတဲ့ ပုဒ်မ (၄)ခုနဲ့ ဖားကန့်မြို့နယ် ရဲစခန်းမှာ အမှုဖွင့် ဆောင်ရွက်နေပါတယ်။

ဒီဖောက်ခွဲမှုကြောင့် ကျောက်မျက် ကုမ္ပဏီပိုင် စက်ယန္တရားတွေ၊ ကားတွေနဲ့ အဆောက်အဦ တွေ မီးလောင်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုး ငွေကျပ် သိန်း (၅)ထောင်ကျော် ရှိတယ်လို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။

လက်နက်ကိုင်ထားတဲ့ လူတစုက လုပ်ခဲ့တဲ့ ဒီဖောက်ခွဲမှုဟာ ကေအိုင်အေ လက်ချက်လို့လည်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဦးထွန်းဦး က ပြောပါတယ် ။

ဒီနယ်မြေမှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်က တပ်မတော်နဲ့ ကေအိုင်အေသာ ရှိပြီး ဒီလက်နက် အမျိုးအစားနဲ့ ယူနီဖောင်းတွေ ကလည်း ကေအိုင်အေ သုံးတဲ့ လက်နက်တွေ အဝတ်တွေ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, STR

ဓာတ်ပုံ ပုံစာ,

ဖားကန့်က တန် ၂ဝဝ ကျောက်စိမ်းတုံး

ကေအိုင်အေက ကုမ္ပဏီ တာဝန်ခံ ကို ခေါ်တာ သွားမတွေ့လို့ လုပ်တာလို့ သိရကြောင်း၊ ဒီကုမ္ပဏီက တန် ၂ဝဝ ကျောက်စိမ်းတုံးကြီး တွေ့ထားတာကို ဆက်ကြေးကောက်ဖို့ ခေါ်တာ ဖြစ်နိုင်ကြောင်းလည်း ရဲမှူးကြီး ဦးထွန်းဦး က ပြောပါတယ် ။

ကုမ္ပဏီကလည်း ဒါ ကေအိုင်အေ လက်ချက်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကေအိုင်အေ ဘက်က မသက်ဆိုင်ကြောင်း ငြင်းဆို ထားပြီး ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ကတော့ တရားမစွဲနိုင်တောင် ဘယ်သူဘယ်ဝါ လက်ချက်ဆိုတာ ဖော်ထုတ်နိုင်ပြီး အေးချမ်းတဲ့ အချိန်မှာ အရေးယူနိုင်အောင် ကြိုးစားသွားမယ်လို့ ပြောပါတယ်။