ကာချုပ် မင်းအောင်လှိုင် ဘယ်လ်ဂျီယံ အီးယူ အစည်းအဝေးသွား

Min Aung Hlaing

ဓာတ်ပုံ ရင်းမြစ်, Min Aung Hlaing

ဓာတ်ပုံ ပုံစာ,

မင်းအောင်လှိုင် ဘယ်လ်ဂျီယံ သွား

မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲမြို့တော်မှာ ၂ ရက်ကြာ ကျင်းပမယ့် အီးယူ စစ်ဘက်ရေးရာ ကော်မတီ အစည်းအဝေးမှာ ဒီမိုကရေစီ အကူးအပြောင်း ကာလ တပ်မတော် အခန်းကဏ္ဍ တင်ပြဖို့ အစီအစဉ် ရှိနေပါတယ်။

အီးယူစစ်ဘက် ရေးရာ ကော်မတီဟာ အဖွဲ့ဝင်တွေရဲ့ သက်ဆိုင်ရာ ကာကွယ်ရေး ဦးစီးချုပ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အဆင့် အမြင့်ဆုံး ကော်မတီဖြစ်ပြီး ဒီအစည်းအဝေးမှာ အီးယူရဲ့ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံခြားရေးနဲ့ လုံခြုံရေး မူဝါဒတွေ အဓိက ဆွေးနွေးမှာ ဖြစ်ပါတယ်။

ဒီလို ဖိတ်ခေါ်တာဟာ မြန်မာတပ်မတော် အတွက် ပထမဆုံး အကြိမ် ဖြစ်တယ်လို့ တကောင်း နိုင်ငံရေး လေ့လာမှု အဖွဲ့က ဒါရိုက်တာ ကို ရဲမျိုးဟိန်းက ပြောပါတယ်။

နိုင်ငံတကာ က မြန်မာ စစ်တပ်ကို အထီးကျန် ဖြစ်နေရာကနေ ဒီမိုကရေစီ စနစ်နဲ့ ထိစပ်လာဖို့ သတိထားပြီး ထိတွေ့ ဆက်ဆံ နေတယ်လို့လည်း သူက ဆိုပါတယ်။

မြန်မာ စစ်တပ် ဘက်ကလည်း အနောက်နိုင်ငံတွေက သူတို့ကို လက်နက် ဝယ်ယူခွင့်နဲ့ နည်းပညာ လွှဲပြောင်းရယူခွင့်တွေ ပိတ်ဆို့ ဒဏ်ခတ်ထားတာကို ဖယ်ရှားပေးဖို့ လိုလားနေပါတယ်။

ဒါပေမဲ့ ပြည်နယ်တွေမှာ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားနေတာ နဲ့အတူ တပ်မတော်က အရပ်သား အစိုးရ လက်အောက်မှာ လုံးဝ ကျရောက်နေပြီလား၊ ဒီလို လက်နက် ဝယ်ယူခွင့်တွေပေးဖို့ တိုင်းပြည်မှာ တကယ် လိုအပ်နေသလား စတာတွေ ကြည့်ပြီးမှ ဖယ်ရှားပေးလို့ ရနိုင်မယ်လို့လည်း သိရပါတယ်။