ဗြိတိသျှ ကျောင်းဆရာ တစ်ယောက်ကို ရှာတွေ့ရေး နိုင်ငံတကာ အကူအညီတောင်းခံ

ဟဲရစ် ဘီနော့တီ ဗြိတိန် နိုင်ငံသား ကျောင်းဆရာ
ဓာတ်ပုံ ပုံစာ,

ဟဲရစ် ဘီနော့တီ ဖေ့စ်ဘွတ်ခ်က ပရိုဖိုင်းပုံ

ဗြိတိန် နိုင်ငံသား ကျောင်းဆရာ တစ်ဦး ရန်ကုန်မြို့မှာ သေဆုံးမှု နဲ့ ပတ်သက်ပြီး သူ့ရဲ့ လုပ်ဖော်ကိုင်ဘက် ဗြိတိသျှ တစ်ဦးပဲ ဖြစ်တဲ့ ဟဲရစ် ဘီနော့တီကို မြန်မာ အာဏာပိုင်တွေ အလို ရှိနေပါတယ်။

မစ္စတာ ဘီနော့တီဟာ ပြီးခဲ့တဲ့ စနေနေ့က ထိုင်းနိုင်ငံကို ထွက်ပြေးသွားတဲ့ အတွက် သူ့ကို မိနိုင်ဖို့ နိုင်ငံတကာ ရဲ တပ်ဖွဲ့ အင်တာပိုကို အကူအညီ တောင်းထားတယ် ဆိုပြီး မြန်မာ အာဏာပိုင်တွေက ပြောပါတယ်။

အသက် ၄၇ နှစ် အရွယ် ဂယ်ရီ ဖာဂူဆန်ကို ရင်ဘတ်နဲ့ ဦးခေါင်း ဒဏ်ရာတွေနဲ့ မစ္စတာ ဘီနော့တီ နေထိုင်ရာ ရန်ကုန် တိုက်ခန်းမှာ တွေ့ရှိခဲ့ရပါတယ်။

အဲဒီ့ နှစ်ဦးဟာ သောကြာနေ့ည က အပြင်ကို အရက်သောက် အတူ ထွက်ခဲ့ ကြတယ်လို့ သတင်းတွေက ဆိုပါတယ်။

သူတို့ဟာ ရန်ကုန် Horizon နိုင်ငံတကာ ကျောင်းက အင်္ဂလိပ်စာ ဆရာတွေ ဖြစ်ပါတယ်။

သေဆုံးသူ မစ္စတာ ဖာဂူဆန်ဟာ Horizon မှာ စာသင် ပေးနေတာ ၃ နှစ်လောက် ရှိပြီလို့ ကျောင်းရဲ့ ပြောရေး ဆိုခွင့် ရှိသူက ဆိုပါတယ်။

မစ္စတာ ဘီနော့တီ ကတော့ ရောက်လတာ ပြီးခဲ့တဲ့ ၃ လ ကမှ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အခု မစ္စတာ ဘီနော့တီကို မြန်မာ ရဲစခန်းမှာ လူသတ်မှု ပုဒ်မ ၃ဝ၂ နဲ့ အမှုဖွင့် ထားတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။