အလဲဗင်း မီဒီယာ ကို ဖွင့်ထားတဲ့ အမှု ရုပ်သိမ်းပေးမှ မီဒီယာကောင်စီက ဖြေရှင်းပေးမယ်

ဓာတ်ပုံ ရင်းမြစ်, Myanmar Media Council
မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ၀င်များ
ရန်ကုန်တိုင်း အစိုးရ အဖွဲ့နဲ့ အလဲဗင်း မီဒီယာ အကြား ပြဿနာကို မီဒီယာ ကောင်စီ အနေနဲ့ ကြားဝင် ဖြေရှင်း နိုင်ဖို့ ဆိုရင်၊ အလဲဗင်း မီဒီယာကို အမှုဖွင့် ထားတာကို ရုပ်သိမ်းမှ ဖြစ်မယ်လို့ မီဒီယာ ကောင်စီက ရန်ကုန် တိုင်းဒေသကြီး အစိုးရ ကို အသိပေး လိုက်ပါတယ်။
ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံးက ညွှန်ကြားရေးမှူး ဦးမိုးဟိန်းရဲ့ နိုဝင်ဘာ ရှစ်ရက်နေ့ ရက်စွဲပါ စာမှာ အလဲဗင်း မီဒီယာ က မမှန်မကန် စွပ်စွဲ ရေးသား ဖော်ပြမှုများနဲ့ စပ်လျဉ်းလို့ ထိန်းသိမ်း ကြပ်မတ် ဖြေရှင်း ဆောင်ရွက်ပေးဖို့ မြန်မာ နိုင်ငံ သတင်းမီဒီယာ ကောင်စီကို တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။
သတင်းမီဒီယာ နည်းဥပဒေ ပုဒ်မ ၃၇ အရ နစ်နာသော ဌာန ၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်ဟာ ကောင်စီကို တိုင်ကြားပြီးရင် ပြစ်မှုကြောင်း အရဘဲ ဖြစ်ဖြစ် တရားမကြောင်း အရာဘဲ ဖြစ်ဖြစ် တရားရုံးသို့ စွဲဆိုရင် ကောင်စီကို တိုင်ကြားခဲ့တဲ့ တိုင်ကြားလွှာကို ပြန်လည် ရုပ်သိမ်းရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံး ညွှန်ကြားရေးမှူးရဲ့ စာကို သတင်းမီဒီယာ ကောင်စီက ဆက်လက် ဆောင်ရွက်ပေးလို့ မရနိုင်ကြောင်း စာတစောင် ထုတ်ပြန်ခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ သတင်းမီဒီယာ ကောင်စီ အငြင်းပွားမှုနဲ့ တိုင်ကြားမှုများ ညှိနှိုင်း ဖြေရှင်းရေး ကော်မတီ ဒုတိယ ဥက္ကဌ ဦးအောင်လှထွန်းကို မေးကြည့်တော့ အဖွဲ့အစည်း လူပုဂ္ဂိုလ် တစုံတယောက်က တရားစွဲ ဆိုထားရင် မီဒီယာ ကောင်စီ အနေနဲ့ ကြားဝင်လို့ မရဘူးလို့ ဆိုပါတယ်။
မီဒီယာ ကောင်စီကို ကြား၀င် ဖြေရှင်းပေးစေလိုရင် အခု စွဲဆိုထားတဲ့ အမှုကို ရုပ်သိမ်း ပေးမှသာ ဆောင်ရွက်ပေးလို့ ရနိုင်မှာ ဖြစ်ကြောင်း ရန်ကုန်တိုင်း အစိုးရ အဖွဲ့ကို အကြောင်းကြားထားပြီး သူတို့ဖက်က ပြန်ကြားမှု တစုံတရာ မရသေးဘူးလို့ ဦးအောင်လှထွန်းက ပြောပါတယ်။
ဝန်ကြီးချုပ်ကို စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်က ဒေါ်လာ တစ်သိန်းတန် နာရီ တစ်လုံး လက်ဆောင် ပေးခဲ့တယ်ဆိုတဲ့ အရေးအသားကြောင့် အလဲဗင်းရဲ့ အမှုဆောင် အရာရှိချုပ် ဦးသန်းထွဋ်အောင်ကို ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဘက်က တာမွေ ရဲစခန်းမှာ ဆက်သွယ်ရေး ပုဒ်မ ၆၆ ဃ နဲ့ အမှုဖွင့် ထားတာ ဖြစ်ပါတယ်။