ထရမ့်ကို အတိုင်ပင်ခံ ပုဂ္ဂိုလ် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပို့

အမေရိကန် ရွေးကောက်ပွဲ မြန်မာ
ဓာတ်ပုံ ပုံစာ,

အမေရိကန် ရွေးကောက်ပွဲကို မြန်မာတွေ စိတ်ဝင်စား

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မစ္စတာ ထရမ့် အမေရိကန် သမ္မတ ရွေးကောက်ပွဲ နိုင်တဲ့ အပေါ် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ ခဲ့ပြီ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုနဲ့ မြန်မာ နိုင်ငံကြား ထားရှိလက်စ ပူးပေါင်း ဆောင်ရွက်မှု တွေကို ပိုပြီး တိုးမြှင့် နိုင်ဖို့ အတွက် မစ္စတာ ထရမ့် လက်ထက်မှာလည်း နှစ်နိုင်ငံ ဆက်လက်ပြီး နီးနီးကပ်ကပ် အတူ ဆောင်ရွက် သွားနိုင်ဖို့ မျှော်လင့်ထားတယ် လို့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ စာထဲ တွေ့ရပါတယ်။

မြန်မာ နိုင်ငံထဲက အမျိုးသားရေး တက်ကြွ လှုပ်ရှားသူတွေလို့ ကိုယ့်ကိုယ်ကိုယ် ရည်ညွှန်း ကြသူတွေနဲ့ မွတ်ဆလင်မ် ဆန့်ကျင်ရေး အမြင် ရှိတဲ့ အုပ်စုတွေက ထရမ့် နိုင်တဲ့ အပေါ် ဝမ်းမြောက်ဝမ်းသာ ရှိနေကြတယ်လို့ ပြည်တွင်းက လာတဲ့ သတင်းတွေက ဆိုပါတယ်။

အမျိုးသားရေး ဆရာတော် လို့ လူတွေကြား အခေါ်များတဲ့ မန္တလေးက ဦးဝီရသူက ဒေါ်နယ် ထရမ့် ဦးဆောင်တဲ့ အမေရိကန်ဟာ ရုရှား၊ တရုတ်တို့နဲ့ သင့်မြတ် လာဖွယ် ရှိလို့ ကမ္ဘာကြီး ငြိမ်းချမ်းဖို့ ရာ စစ်မှန်တဲ့ အပြောင်းအလဲ အဖြစ် ဘီဘီစီ ကို မိန့်ပါတယ်။

တခါ၊ ထရမ့်ရဲ့ မက္ကဆီကို နယ်စပ် တံတိုင်းခတ်မယ် ဆိုတဲ့ အပြောတွေ၊ မွတ်ဆလင်မ် တွေကို ပြည်ဝင်ခွင့် ပိတ်မယ် ဆိုတဲ့ အပြောတွေကို ရည်ညွှန်းပြီး အမျိုးသား လုံခြုံရေး အရေးကြီးတဲ့ အကြောင်း အမေရိကန် ပြည်သူတွေ လက်ခံအောင် ပြောဆို နိုင်သူ အဖြစ် ရခိုင် အမျိုးသား ပါတီ ANP ရဲ့ ဥက္ကဌ ဒေါက်တာ အေးမောင် ကလည်း ချီးကျုး ပြောဆို ပါတယ်။

တစ်ဘက်မှာတော့၊ အမေရိကန် ဒီမိုကရက်တွေဟာ မြန်မာ အစိုးရကို ဦးဆောင်ဖွဲ့ ထားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ နဲ့ နီးစပ်မှု ရှိတယ်လို့ ယူဆ ထားပြီး ဟီလာရီ ကလင်တန်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုဂ္ဂိုလ်ရေး ရင်းနှီးသူလို့ ရှု့မြင်သူတွေ ကတော့ ရီပတ်ဘလေကင် သမ္မတလောင်း အနိုင် ရလိုက်တဲ့ အပေါ် စိတ်ပျက် နေကြပါတယ်။

မြန်မာ တိုင်းမ်စ် သတင်းစာ ကလည်း ထရမ့်အောင်ပွဲဟာ အကြီးအကျယ် စိတ်ပျက်မှုတွေ ပေါ်ပေါက် လာစေတယ် လို့ ရေးသားခဲ့ပြီး မြန်မာနိုင်ငံ ဘယ်နား ရှိမှန်းတောင် သိချင်မှ သိမယ့် ထရမ့် လက်ထက် အမေရိကန် အစိုးရ အနေနဲ့ မြန်မာ အပေါ် စိတ်ဝင်စားမှု လျော့သွား နိုင်တယ် ဆိုတဲ့ စိတ်ပျက်မှုတွေ မြန်မာ နိုင်ငံရေး သမားတွေ ကြားထဲ ပေါ်ပေါက် လာနေတယ် လို့ ဆိုပါတယ်။