ရှေ့နှစ် ဧပြီ ၁ ရက်က စပြီး ပုဂ္ဂလိကကို သစ်ထုတ်ခွင့် မပြုတော့

မြန်မာ ကျွန်းသစ်
ဓာတ်ပုံ ပုံစာ,

ကျွန်းသစ် အပါအဝင် အဖိုးတန် သစ်တော ဧရိယာ တွေ ပျက်စီး ဆုံးရှုံး ခဲ့

မြန်မာနိုင်ငံမှာ လာမယ့် ၂ဝ၁၇-၁၈ ဘဏ္ဍာနှစ်က စလို့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို သစ်ထုတ်လုပ်ခွင့် မပေးတော့ ဘူး ဆိုပြီး အစိုးရသစ်က ဆုံးဖြတ် လိုက်ပါတယ်။

ထုတ်လုပ်ဖို့ ရည်ရွယ်ထားတဲ့ သစ် ပမာဏဟာ အစိုးရရဲ့ မြန်မာ့ သစ်လုပ်ငန်း တစ်ခုတည်း ကနေ နိုင်နိုင်နင်းနင်း ထုတ်လုပ် နိုင်တဲ့ ပမာဏ ဖြစ်လို့ ပုဂ္ဂလိက ကုမ္ပဏီတွေကို ငှားရမ်းစရာ မလိုတော့ဘူး လို့ မြန်မာ့သစ်လုပ်ငန်း ဒုတိယ အထွေ ထွေမန်နေဂျာ ဦးညီညီထွန်း က ဘီဘီစီကို ပြောပါတယ်။

လက်ရှိ အစိုးရ အနေနဲ့ စစ်ကိုင်းတိုင်း ဒေသကြီး ဘက်မှာ သစ်ထုတ်လုပ်ဖို့ ရှိပြီး ထုတ်လုပ်နိုင်တဲ့ ပမာဏရဲ့ ၇ဝ% လောက်ပဲ ထုတ်လုပ်ဖို့ မူဝါဒ ချထားပါတယ်။

ပုဂ္ဂလိကကို သစ်ထုတ်ခွင့် မပေးတော့ ပေမယ့်လည်း သစ်မှောင်ခို လုပ်ငန်းကို ထိထိရောက်ရောက် မကိုင်တွယ် နိုင်ရင်တော့ သစ်တောပြုန်းတီးမူ ဆက်လက် ဖြစ်နေ ဦးမယ်လို့ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ် ခင်စန်းလှိုင်က သုံးသပ်ပါတယ်။

နေပြည်တော်မှာ နိုဝင်ဘာ ၉ ရက်က လုပ်ခဲ့တဲ့ မြန်မာ့ သစ်တောဆိုင်ရာ မူဝါဒ အပေါ် ပြန်သုံးသပ်တဲ့ အစည်းအဝေး ကနေ ပုဂ္ဂလိက ကို သစ်ထုတ်ခွင့် မပေးတော့ဖို့ ဆုံးဖြတ်ချက် ထွက်လာတာ ဖြစ်ပါတယ်။

စစ်အစိုးရ အဆက်ဆက် လက်ထက် သစ်တောနဲ့ ပတ်သက်တဲ့ မှားယွင်းတဲ့ မူဝါဒတွေကြောင့် မြန်မာနိုင်ငံရဲ့ ကျွန်းသစ် အပါအဝင် အဖိုးတန် သစ်တော ဧရိယာ တွေ ပျက်စီး ဆုံးရှုံး ခဲ့ရတယ်လို့ သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိန်းရေး ဝန်ကြီးဌာနက အဆင့်မြင့် အရာရှိ တချို့က ဆိုပါတယ်။

လက်ရှိမှာတော့ သစ်မှောင်ခို ထုတ်တဲ့ လုပ်ငန်းတွေဟာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ကရင် ပြည်နယ် တွေမှာ အဓိက ရှိနေပါတယ်။