အလဲဗင်း စီအီးအိုနဲ့ အယ်ဒီတာချုပ် အဖမ်းခံ

အလဲဗင်း အလုပ်အမှူဆောင်အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင်
ဝန်ကြီးချုပ်တဦးကို ဒေါ်လာ တသိန်းတန်နာရီ လက်ဆောင်ပေးတဲ့ အကြောင်း ရေးသားမှု နဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ဆက်သွယ်ရေး ဥပဒေ ၆၆(ဃ) နဲ့ တရားစွဲခဲ့တဲ့ အလဗင်းမီဒီယာအုပ်စုက အလုပ်အမှူဆောင်အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ်ဦးဝေဖြိုးတို့ နိုဝင်ဘာလ ၁၁ ရက်နေ့က ရန်ကုန် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှာ သူတို့ကိုယ်တိုင် လာရောက်အဖမ်းခံခဲ့ပါတယ်။
သူတို့ကို ခရိုင်ရဲတပ်ဖွဲ့ကနေ တာမွေမြို့နယ် ရဲစခန်းကို လွှဲပေးခဲ့ပြီး အဲဒီကတဆင့် မြို့နယ် တရားရုံးကို ခေါ်ဆောင်ပြီး ချုပ်ရက် ရမန်ယူခဲ့ပါတယ်။
ဒီနောက်မှာ (၂)ဦးလုံးကို အင်းစိန်အကျဉ်းထောင်ကို ပို့ခဲ့ပါတယ်။
သူတို့ကို ဆက်သွယ်ရေး ဥပဒေ ၆၆(ဃ) နဲ့ ရုံးတင်နိုင်ဖို့ ဥပဒေအကြံပေးဆီက အကြံဉာဏ်ရယူပြီး ဆက်ဆောင်ရွက်သွားမယ်လို့ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးဒုတိယရဲမှူးကြီး မြင့်ထွေးက ပြောပါတယ်။
တာမွေရဲစခန်းက ထွက်စဉ်မှာ ဒေါက်တာ သန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ်ဦးဝေဖြိုးတို့က ပုဒ်မ ၆၆(ဃ) မရှိသင့်ဘူးလို့ မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။
နိုဝင်ဘာလ(၆)ရက်နေ့ထုတ် အလဲဗင်းသတင်းစာရဲ့ ဆောင်းပါးမှာ ဝန်ကြီးချုပ်တစ်ဦးဟာ ဒေါ်လာတစ်သိန်းခန့်တန်တဲ့ လက်ပတ်နာရီ ပတ်ထားပြီး ဒီလက်ပတ်နာရီကို လက်ဆောင် ပေးသူဟာလည်း မူးယစ်ဆေးဝါးအမှုနဲ့ ထောင်ကလွတ်လာပြီး မြို့သစ်စီမံကိန်းတင်ဒါ ရထားတဲ့ လုပ်ငန်းရှင်သူဌေးကြီးဖြစ်တယ်လို့ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။
ဒါနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဝန်ကြီးချုပ်နဲ့ စီးပွားရေး လုပ်ငန်းရှင်ဆိုသူရဲ့ နာမည်ကို ထုတ်ဖော်ပြောဖို့ မေးမြန်းခဲ့ပေမယ့် အလဲဗင်းမီဒီယာဘက်က ပြန်မဖြေခဲ့ပါဘူး။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of ပေါ့ဒ်ကတ်စ်
အဲဒီနောက်မှာတော့ ဒေါက်တာ သန်းထွဋ်အောင်ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာနဲ့ အလဲဗင်း ရဲ့ ဖေ့ဘုတ်တွေမှာ အဲဒီကိစ္စကို ထပ်မံရေးသားလို့ဆိုပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့က အလဲဗင်း ရဲ့ အလုပ်အမှူဆောင် အရာရှိချုပ် ဒေါက်တာ သန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို တာမွေမြို့နယ် ရဲစခန်းမှာ နို၀င်ဘာလ ၉ ရက်နေ့က တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ပါတဲ့ ပြစ်မှုမြောက်စေတဲ့ အင်္ဂါရပ် ပြဌာန်းချက်တွေဟာ ပြစ်မှုဆိုင်ရာ ဥပဒေတွင် ပါရှိပြီးဖြစ်တဲ့ အတွက် ဆက်သွယ်ရေးဥပဒေကို ထပ်ပြဌာန်းဖို့ မလိုဘူးလို့ ဥပဒေ အထောက်အကူပြုကွန်ရက် တည်ထောင်သူ လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူးက ပြောပါတယ်။
အသရေဖျက်မှုကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၉၉ နှင့် ၅၀ဝ တို့နဲ့ တရားစွဲဆိုရင် မှန်ကန်တဲ့ စွပ်စွဲချက်ကို အများပြည်သူအကျိုးအတွက် ပြုလုပ်ခြင်းဆိုတဲ့ ကင်းလွတ်ချက်နဲ့ အကျုံးဝင်သွားနိုင်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ရဲ့ အောက်မှာ အသရေဖျက်မှုကို ထည့်သွင်းထားတာဟာ စွပ်စွဲခံရသူကို ကင်းလွတ်ချက်ကို မခံစား စေလိုသောကြောင့် ဖြစ်တယ် ဒါကြောင့် စစ်တပ်နဲ့ အစိုးရက ဝေဖန်တာတွေကို တုံ့ပြန်ဖို့ အခုတလော ဒီပုဒ်မကို ထုတ်သုံးနေတာလို့ ဦးအောင်ထူးက ဘီဘီစီကိုပြောပါတယ်။