ဖားကန့် ဒေသမှာ ကျခဲ့တဲ့ သတ္တု ပစ္စည်းတွေကို စစ်တပ်က စစ်ဆေးနေ

ဒုံးပျံရဲ့ အပိုင်းအစတွေ ဖြစ်နိုင်တယ်လို့ ယူဆ နေ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ထဲက မှော်စီ ဆိုတဲ့ ရွာမှာ ရွာမှာ အလျား ၁၅ပေ၊ အနံ ၃ပေကျော် ရှိတဲ့ စည်ပိုင်းပုံ သတ္တု စက် ပစ္စည်း အပိုင်းအစ တစ်ခု ကောင်းကင်ယံ ကနေ နိုဝင်ဘာ ၁ဝရက်နေ့က ပြုတ်ကျ ခဲ့တဲ့ အတွက် ဘာ ပစ္စည်းလဲ ဆိုတာ သိရဖို့ စစ်တပ်က စစ်ဆေး နေပါတယ်။
တရုတ် စာတွေ ပါတဲ့ သတ္တု အပိုင်းအစ အသေး နောက်တစ်ခုလည်း အချိန် အနည်းငယ် ခြားပြီး အိမ်တစ်အိမ် ပေါ် ပြုတ်ကျ ခဲ့ပါတယ်။
ပေါက်ကွဲသံလို ကျယ်လောင်တဲ့ အသံကြောင့် လူတွေ အထိတ်တလန့် ဖြစ်ခဲ့ရုံက လွဲပြီး ဒီ ဖြစ်ရပ် နှစ်ခု စလုံး အတွင်း ထိခိုက် ဒဏ်ရာ ရသူ မရှိ ခဲ့ဘူးလို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။
အာကာသထဲက ပြုတ်ကျလာတဲ့ ဒီသတ္တု အပိုင်းအစ တွေဟာ တရုတ်နိုင်ငံက လွှတ်တင် လိုက်တဲ့ သုတေသန ဂြိုဟ်တုကို သယ်ဆောင်ရာ ဒုံးပျံရဲ့ အပိုင်းအစတွေ ဖြစ်နိုင်တယ်လို့ ယူဆ နေကြပါတယ်။
သုတေသန ဂြိုဟ်တု ကို သယ်ဆောင် ထားတဲ့ ခရီးရှည် ချီတက်မှု လောင့်မာ့ချ် အမှတ် ၁၁ လို့ နာမည် ပေးထားတဲ့ တရုတ် ဒုံးပျံဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ နိုဝင်ဘာ ၉ ရက်နေ့ကပဲ ဂျီးချီအန် ဂြိုလ်တု စခန်း ကနေ လွှတ်တင် ခဲ့ပါတယ်။
မှော်စီမှာ ကျလာတဲ့ သတ္တု အပိုင်းအစ ရဲ့ပုံသဏ္ဍန်နဲ့ အရွယ်အစားဟာ စတေ့ချ် လို့ သိကြတဲ့ ရော့ကက် ဒုံးပျံရဲ့ အစိအပိုင်း နဲ့ ပုံသဏ္ဍာန် တူတယ်လို့ ဘီဘီစီ သိပ္ပံ သတင်းထောက် ဂျော်နသန် အေးမော့စ်က ဆိုပါတယ်။
ဂြိုဟ်တုကို သယ်ဆောင်ရာ ရော့ကက် ဒုံးပျံတွေရဲ့ အစိတ်အပိုင်း တွေက ပုံမှန် အားဖြင့်တော့ ကမ္ဘာ မြေပြင်ပေါ်က အဏ္ဏဝါ ရေပြင်ပေါ် ဒါမှမဟုတ်ရင် လူသူမနီးတဲ့ နေရာတွေပေါ် ကျလေ့ရှိပါတယ်။