အလဲဗင်း ဒေါက်တာ သန်းထွဋ်အောင်နဲ့ ထောင်ဝင်စာ တွေ့ခွင့်ရ

ဓာတ်ပုံ မူပိုင် ROMEO GACAD
Image caption ဒေါက်တာ သန်းထွဋ်အောင် နဲ့ ကိုဝေဖြိုး

ရန်ကုန်တိုင်း အစိုးရက ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲ ဖမ်းဆီး ခံထားရတဲ့ အလဲဗင်း မီဒီယာ အုပ်စု အမှုဆောင် အရာရှိချုပ် ဒေါက်တာ သန်းထွဋ်အောင် နဲ့ အယ်ဒီတာချုပ် ကိုဝေဖြိုး တို့ ကို အင်းစိန်ထောင်မှာ ထားရှိပါတယ်။

ဒေါက်တာ သန်းထွဋ်အောင်နဲ့ ထောင်ဝင်စာ တွေ့ခွင့် စနေနေ့က ရခဲ့တယ်လို့ အလဲဗင်း မီဒီယာအုပ်စုရဲ့ မန်နေဂျင်း ဒါရိုက်တာ ဒေါက်တာ သိန်းမြင့်က ပြောပါတယ်။

ဒီလို တွေ့ရာမှာ အလဲဗင်းက ပုဒ်မ ၆၆ (ဃ) နဲ့ စွဲဆိုထားတဲ့ အမှုတွေကို ရုပ်ပေးဖို့ ဒေါက်တာ သန်းထွဋ်အောင်က တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဒီပုဒ်မဟာ မရှိသင့်တဲ့ ပုဒ်မ ဖြစ်ပြီး ထိန်းရေးတတ်တဲ့ သတင်းသမားတွေတောင် တရားစွဲခံရနိုင်တာမို့ ဒီလို မရေးတတ်တဲ့ ပြည်သူတွေ ထိခိုက်နစ်နာမှာ စိုးတယ်လို့ ဒေါက်တာ သိန်းမြင့်က ဆိုပါတယ်။

နောက်ပြီး ဒေါက်တာ သန်းထွဋ်အောင် နဲ့ ကိုဝေဖြိုး ကို အမှုဖွင့် ထားတာကို ကြားဝင် ညှိနှိုင်း ပေးဖို့ သတင်းမီဒီယာ ကောင်စီကို အလဲဗင်းက မေတ္တာ ရပ်ခံ ထားပါတယ်။

ဒီအမှု အတွက် မီဒီယာ အဖွဲ့ ၄ ဖွဲ့ ဆွေးနွေး နေတယ်လို့လည်း သိရပါတယ်။

အစိုးရ ဘက်နဲ့ ညှိနှိုင်းတာမျိုး မရှိသေးဘူးလို့လည်း ဆိုပါတယ်။

နိုဝင်ဘာလ ၂၅ ရက်မှာ ဒီအမှု ရုံးချိန်း ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ