အမေရိကန်ကို အခွန်လွတ်တင်ပို့ခွင့် စတင်အသက်ဝင်

စီးပွားရေး

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

ကင်းလွတ်ခွင့်ရပစ္စည်းတွေထဲမှာ ရေထွက်ပစ္စည်း၊ ကျောက်မျက်ရတနာ အစရှိတဲ့ ကုန်ပစ္စည်းတွေ ပါဝင်

အမေရိကန်အစိုးရက ထုတ်ပြန်ထားတဲ့ ကုန်သွယ်ရေး အထူးခံစားခွင့်ကို မြန်မာနိုင်ငံမှာ စတင်လိုက်ပြီ ဖြစ်ပါတယ်။

ဒီကင်းလွတ်ခွင့်အရ ကုန်ပစ္စည်း အမျိုးအစား ငါးထောင်ကို အခွန်ကင်းလွတ် တင်ပို့ခွင့် ရမှာ ဖြစ်ပါတယ်။

အခုလို ကင်းလွတ်ခွင့်ရတဲ့ ပစ္စည်းတွေထဲမှာ ရေထွက်ပစ္စည်း၊ သစ်အချောထည်၊ ကျောက်မျက်ရတနာ စတဲ့ ကုန်ပစ္စည်းတွေ ပါဝင်ပါတယ်။

ဒီကင်းလွတ်ခွင့် စတင် အသက်မဝင်ခင် ကတည်းက ပဲနဲ့ သစ်အချောထည်သာမက ပေါ်ဆန်းမွှေးလို စိုက်ပျိုးရေး ထုတ်ကုန်တွေပါ အမေရိကကို မြန်မာဘက်က တင်ပို့မှု ရှိခဲ့ပြီး အခု တင်ပို့ခွင့်ရတဲ့ ကုန်ပစ္စည်းတွေကို အရည်အသွေးမှီ တန်ဖိုးမြှင့်ပြီး စနစ်တကျ ထုတ်ပိုး တင်ပို့ဖို့ လိုမယ်လို့ ကုန်သည် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်က ဒုဥက္ကဌ ဒေါက်တာ မောင်မောင်လေးက ပြောပါတယ်။

အမေရိကန်နိုင်ငံကို အခွန်လွတ် တင်သွင်းခွင့်ရတဲ့ အပေါ် ပြင်ဆင်နေကြတဲ့ လုပ်ငန်းရှင်တွေ ရှိပေမယ့် နိုင်ငံတကာ အရည်အသွေးမှီ ကုန်ပစ္စည်းနဲ့ ထုတ်ပိုးမှုအပိုင်းမှာတော့ အခက်အခဲတွေ ရှိနေပါသေးတယ်။

တန်ဖိုးမြှင့် အရည်အသွေးမှီ ပို့ကုန်တွေ တင်ပို့ရာမှာ အရင်းအနှီးကြီးတဲ့ အလိုအလျောက် စက်တွေ အသုံးပြုဖို့လိုအပ်ပြီး လျှပ်စစ်မီး မမှန်သေးတာအပြင် ရတဲ့ ဓါတ်အားမှာလည်း ဗို့အား အတက်အကျ ရှိတဲ့ မြန်မာနိုင်ငံအတွက် အဆင်မပြေမှုတွေ ရှိနေတယ်လို့ သစ်အချောထည်တွေ ပြည်ပတင်ပို့နေတဲ့ Diamond Mercury သစ်လုပ်ငန်းပိုင်ရှင် ဦးစိန်လွင်က ပြောပါတယ်။

အခု အခွန် ကင်းလွတ်ခွင့်ရသွားတဲ့ ကုန်ပစ္စည်း ၅၀ဝ၀မှာ အမျိုးအစား ၁၅၀ဝဟာ ဒေသတွင်း ဒုတိယအဆင်းရဲဆုံး နိုင်ငံဖြစ်တဲ့အတွက် အထူးခံစားခွင့်အနေနဲ့ ပေးတာဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ခရီးစဉ်အတွင်း မြန်မာနိုင်ငံအတွက် ကုန်သွယ်ရေး အထူးခံစားခွင့်ကို ကြေညာခဲ့အပြီး ရက်ပေါင်း ၆၀ ပြည်တဲ့နေ့မှာ ဒီကင်းလွတ်ခွင့် စတင် အသက်ဝင်သွားတာ ဖြစ်ပါတယ်။

ဒီ ကုန်သွယ်ရေး အထူးခံစားခွင့်ကြောင့် ပို့ကုန်လုပ်ငန်းတွေ တိုးတက်လာပြီး နိုင်ငံစီးပွားရေး ဖွံ့ဖြိုးမှုကို တွန်းအား ပေးနိုင်လိမ့်မယ်လို့ ပြည်တွင်းလုပ်ငန်းရှင်တွေက မျှော်လင့်နေကြပါတယ်။