ဂွဆုံရွာမှာ လူ ၅ဝဝ လောက် အုပ်ဖွဲ့ တိုက်လာလို့ စစ်ရဟတ်ယာဉ်တွေ သုံးခဲ့ရ

တိုက်ပွဲဖြစ်ရာ ရွာတွေမှာလည်း မီးလောင် ခဲ့လို့ အိမ်ခြေ တော်တော်များများ ပျက်စီး
ရခိုင်ပြည်နယ် မောင်တောနဲ့ ရသေ့တောင် မြို့နယ် တွေ ထဲမှာ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေ တုန်းက တိုက်ခိုက်မှုတွေ ဖြစ်ပေါ် လာပြန်ပြီး အစိုးရ စစ်သား နှစ်ဦး အပါအဝင် အနည်းဆုံး လူပေါင်း ၃ဝ သေဆုံး ခဲ့ပါတယ်။
မယင်းတောင်၊ ပွင့်ဖြူချောင်း၊ ဂွဆုံနဲ့ ဒါကြီးစား ကျေးရွာတွေမှာ ဓား၊ လှံ အပါအဝင် လက်နက် ကိုင်ဆောင်သူတွေရဲ့ အုပ်စုဖွဲ့ တိုက်ခိုက်တာတွေ ခံလာရလို့ ပစ်ခတ် နှိမ်နှင်း ခဲ့ရတယ်လို့ အစိုးရ စစ်တပ်က ထုတ်ပြန် ပါတယ်။
အဲဒီ့ ဖြစ်စဉ်တွေမှာ အသေ ရရှိတဲ့ အလောင်း ၂၈ လောင်း ရှိတယ်လို့ ဆိုပေမယ့် ဘယ် အဖွဲ့အစည်းက ဘယ်သူဘယ်ဝါ တွေ ဖြစ်တယ် လို့တော့ တိတိကျကျ ထုတ်ဖော် ပြောဆိုတာမျိုး မရှိသေးပါဘူး။
အဲဒီ့ သီတင်းပတ် အကုန်ပိုင်းက ဖြစ်ရပ်တွေမှာ တိုက်ပွဲဖြစ်ရာ ရွာတွေမှာလည်း မီးလောင် ခဲ့လို့ အိမ်ခြေ တော်တော်များများ ပျက်စီး ခဲ့ပါတယ်။
ဂွဆုံမှာ ဆိုရင် လူ ၅ဝဝ လောက် ဝိုင်းတိုက်တာ ခံခဲ့ရလို့ လေကြောင်း ပစ်ကူ အနေနဲ့ စစ်ရဟတ်ယာဉ် တွေ သုံးခဲ့ရတယ် လို့လည်း အစိုးရက ဝန်ခံ ထားပါတယ်။
မောင်တော မြို့နယ်ထဲ လုံခြုံရေး အခြေအနေဟာ ထိန်းမနိုင် သိမ်းမရ ဆိုးရွားတဲ့ အခြေအနေ မျိုး မှာ ရှိနေတယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။