ပုဒ်မ ၆၆ ဃ နဲ့ အရေးယူမှု မီဒီယာ ၅ ဖွဲ့ ကန့်ကွက်

Than Htut Aung (C), CEO of the Eleven Media Group, is escorted by police while leaving the court in Yangon on November 11, 2016

အလဲဗင်း မီဒီယာ အမှုဆောင် အရာရှိချုပ် ဒေါက်တာ သန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ကိုဝေဖြိုး တို့ကို ပုဒ်မ ၆၆ ဃ ဆက်သွယ်ရေး ဥပဒေ အရ ဖမ်းဆီး အရေးယူထားတဲ့ ကိစ္စကို မြန်မာ နိုင်ငံ သတင်းစာ ဆရာများ အသင်း၊ မြန်မာ ဂျာနယ်လစ် ကွန်ရက် အပါအဝင် မီဒီယာ အဖွဲ့အစည်း ၅ ဖွဲ့က ကန့်ကွက် လိုက်ပြီး သတင်းမီဒီယာ ဥပဒေနဲ့ အညီ ကိုင်တွယ် ဖြေရှင်းဖို့ တိုက်တွန်း လိုက်ပါတယ်။

သတင်းမီဒီယာ လွတ်လပ်ခွင့် အတွက် မကောင်းတဲ့ အစဉ်အလာ ဖြစ်မှာကို စိုးရိမ်လို့ အခုလို ထုတ်ပြန်ရတာ ဖြစ်တယ်လို့ မြန်မာဂျာနယ်လစ်ကွန်ရက်က အမှုဆောင် ဦးမြင့်ကျော်က ပြောပါတယ်။

ဒါကြောင့် သတင်းမီဒီယာ ကောင်စီက တဆင့် ညှိနှိုင်း ဖြေရှင်းကြဖို့ ရန်ကုန်တိုင်း အစိုးရကို တိုက်တွန်း ကြောင်းလည်း သူက ပြောပါတယ်။

သတင်းမီဒီယာတွေ အနေနဲ့ မီဒီယာ ကျင့်ဝတ်နဲ့ အညီ ရေးသား ဖော်ပြကြဖို့ မီဒီယာဥပဒေနဲ့ ကျင့်ဝတ်တွေ ပြဋ္ဌာန်း ထားပြီး ဖြစ်တဲ့အပြင် သတင်းမီဒီယာ ကောင်စီကို ဖွဲ့စည်းထားပြီး ဖြစ်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်က အခုလို ဆက်သွယ်ရေး ဥပဒေနဲ့ တရားစွဲတာဟာ အဲဒီ ဥပဒေနဲ့ အဖွဲ့ အစည်းကို မျက်ကွယ်ပြုရာ လည်း ရောက်တယ်လို့ မီဒီယာ အဖွဲ့များရဲ့ ထုတ်ပြန်ချက်မှာ ဆိုထား ပါတယ်။

အခုကိစ္စမှာ ရေးသားတဲ့ သတင်း မှန်မမှန်ဆိုတာကို ဆန်းစစ်တာ မဟုတ်ကြောင်းနဲ့ အရင် အစိုးရ လက်ထက်က လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ထိန်းချုပ်ဖို့ သုံးခဲ့တဲ့ ဥပဒေကို အခု အစိုးရက ပြန်သုံးတဲ့ နည်းလမ်း ကိုသာ ထောက်ပြတာလို့လည်း မီဒီယာ အဖွဲ့များရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခု အစိုးရ လက်ထက်မှာ သတင်း မီဒီယာရဲ့ ဖော်ပြချက်နဲ့ ပတ်သက်လို့ ပုဒ်မ ၆၆ ဃ ကို သုံးလာတာ အခု ပထမဆုံးလို ဖြစ်နေတယ်၊ အသုံးမချသင့်တဲ့ ဒီဥပဒေအစား နစ်နာမှု နည်းပါးစေမယ့် တခြား ဥပဒေမျိုးနဲ့ ကိုင်တွယ် ဆောင်ရွက်သင့်တယ်လို့ ဦးမြင့်ကျော်က ပြောပါတယ်။

---