ရခိုင် ပြည်နယ်ကို အစိုးရ အကြံပေးကော်မရှင် သွားမယ်

ရခိုင် အကြံပေးကော်မရှင်
ဓာတ်ပုံ ပုံစာ,

ဥပဒေရဲ့ အနှစ်သာရ ဖြစ်တဲ့ တရားမျှတမှုကို ဖော်ဆောင် နိုင်ဖို့ အဓိက လိုအပ်

မြန်မာ အစိုးရက ဖွဲ့စည်း ပေးထားတဲ့ ရခိုင် ပြည်နယ် ရေးရာ အကြံပေး ကော်မရှင် အဖွဲ့ဝင် တွေဟာ မတည်မငြိမ် ဖြစ်နေတဲ့ ရခိုင် ပြည်နယ်ကို ဒီကနေ့ နိုဝင်ဘာ ၁၅ ရက် စလို့ ၃ ရက်ကြာ သွားရောက်ဖို့ ရှိနေပါတယ်။

ကော်မရှင် အကြီးအကဲ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဟောင်း ကိုဖီအာနန်တော့ အခု ခရီးစဉ်မှာ ပါဝင်မှာ မဟုတ်ပဲ ရခိုင် အကြံပေး ကော်မရှင် အဖွဲ့ဝင် နယ်သာလန် သံတမန် အမျိုးသမီး မစ္စ လတစ်ရှာ ဗင် ဒင် အာဆာမ် နဲ့ အတူ ၊ ကျန် ကော်မရှင် အဖွဲ့ဝင် မြန်မာ ၆ ဦး တို့ သွားရောက် ကြမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် အကုန်ပိုင်း မှာပဲ ရခိုင် မြောက်ပိုင်း ဒေသတွေမှာ အစိုးရ လုံခြုံရေး အဖွဲ့ဝင် တွေ အပါအဝင် အနည်းဆုံး လူ ၃၄ ယောက် သေဆုံး ခဲ့တဲ့ အထိ တိုက်ပွဲတွေ ပြင်းထန် လာခဲ့တဲ့ အခြေအနေမှာ အကြံပေး ကော်မရှင်ရဲ့ ခရီးစဉ် ရှိလာတာပါ။

စစ်တွေကို ရောက်ပြီးမှ မောင်တော ဒေသ အထိ သွားရောက် မလားဆိုတာ အခြေအနေကို ကြည့် ဆုံးဖြတ်ရမယ် လို့ ကော်မရှင် အဖွဲ့ဝင် တစ်ဦး ဖြစ်တဲ့ ဦးအေးလွင်က ဘီဘီစီကို ပြောပါတယ်။

စစ်တွေ မှာတော့ ပြည်နယ် အာဏာပိုင် တွေ၊ ဗုဒ္ဓဘာသာနဲ့ မွတ်ဆလင်မါ နှစ်ဘက် အသိုင်းအဝိုင်းက သူတွေနဲ့ တွေ့ဆုံမှာ ဖြစ်တဲ့ အပြင်၊ စစ်တွေ အနီးက ဒုက္ခသည် စခန်းတွေ ကိုလည်း သွားရောက်မယ်လို့ ဦးအေးလွင်က ဆိုပါတယ်။

အစိုးရ စစ်တပ်က ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသတွေမှာ နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်တုန်း ရိုဟင်ဂျာ မွတ်ဆလင် အရပ်သားတွေ အပေါ် ပစ်မှတ်ထား တိုက်ခိုက်တာတွေ ပြုလုပ် ခဲ့တယ် ဆိုတဲ့ စွဲချက် တွေအပေါ် လွတ်လပ်တဲ့ စုံစမ်းမှု တစ်ရပ် ပြုလုပ်ဖို့ ကုလသမဂ္ဂ က တောင်းဆို ထားပေမယ့်၊ ကော်မရှင်ရဲ့ အခု ခရီးစဉ်ဟာ အဲဒီ့ တောင်းဆိုမှုနဲ့ တိုက်ရိုက် မပတ်သက်ဘူးလို့ ဦးအေးလွင်က ငြင်းဆိုပါတယ်။

ရခိုင် ပြည်နယ် အရေးကို ဖြေရှင်းရာမှာ ဥပဒေရဲ့ အနှစ်သာရ ဖြစ်တဲ့ တရားမျှတမှုကို ဖော်ဆောင် နိုင်ဖို့ အဓိက လိုအပ်တယ်လို့ ဦးအေးလွင်က သုံးသပ်ပါတယ်။