ရခိုင်အရေး HRW ပြောဆိုမှုနဲ့ လက်တွေ့ ကွဲလွဲနေလို့ အစိုးရပြော

ဓာတ်ပုံ ရင်းမြစ်, European Photopress Agency
ရခိုင်ပြည်နယ် အခြေအနေ အရေးပေါ် သတင်းစာရှင်းလင်း
ရခိုင်ပြည်နယ်မှာ လတ်တလော ဖြစ်နေတဲ့ အခြေ အနေတွေကို ကိုင်တွယ် ဖြေရှင်းရာမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ညွှန်ကြားထားတဲ့ သတိကြီးကြီးထား ဆောင်ရွက်ဖို့ ၊ တရား ဥပဒေနဲ့ အညီ ဆောင်ရွက်ဖို့ စတဲ့ လမ်းညွှန်ချက်တွေ အတိုင်း ဆောင်ရွက်နေတယ်လို့ သမ္မတရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။
နိုင်ငံတော် သမ္မတ အိမ်တော်မှာ နိုဝင်ဘာလ ၁၆ ရက်နေ့က ပြုလုပ်တဲ့ ရခိုင်ပြည်နယ် ဆိုင်ရာ အထူး သတင်းစာ ရှင်းလင်းပွဲမှာ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ရဲ့ နိုဝင်ဘာလ ၁၀ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြတဲ့ အချက်အလက်တွေဟာ တကယ့် လက်တွေ့ ဖြစ်ရပ်မှန်တွေနဲ့ ကွဲလွဲ နေကြောင်း ကွင်းဆင်း လေ့လာ စုံစမ်းမှုတွေ အရ သိရတယ်လို့လည်း အဓိက ပြောဆိုခဲ့ ပါတယ်။
ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်ပြီး အချိန်နဲ့ တပြေးညီ သတင်း ထုတ်ပြန်ပေးဖို့ နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး အဖွဲ့ ကို ဖွဲ့စည်း လိုက်ကြောင်းလည်း ဦးဇော်ဌေးက ပြောပါတယ်။
အဲဒီ အဖွဲ့မှာ အတိုင်ပင်ခံရုံး ဒုတိယ ဝန်ကြီး ဦးခင်မောင်တင့်ကို ဥက္ကဌ ဖြစ်ပြီး ကာကွယ်ရေး၊ ပြည်ထဲရေး၊ နိုင်ငံခြားရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာနက အဆင့်မြင့် အရာရှိ စုစုပေါင်း ၇ ယောက်နဲ့ ဖွဲ့စည်း ထားပါတယ်။
မောင်တောမြို့နယ် အတွင်း တပ်မတော် ရဟတ်ယဉ် သုံးခဲ့ရတာနဲ့ ပတ်သက်လို့ ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဗိုလ်ချုပ်စိုးနိုင်ဦးက ရှင်းလင်း ပြောခဲ့ ပါတယ်။
သေနတ် ၃၀ လောက် အပါအဝင် တုတ်၊ ဓါး လက်နက်တွေ ကိုင်ထားတဲ့ တိုက်ခိုက်သူတွေ ၃၃၀ ကျော်က သုံးနေရာမှာ ဝိုင်းဝန်း တိုက်ခိုက်ခဲ့ ရာမှာ ပထမ အဓိကရုဏ်း နှိမ်နင်းရေး လက်နက်တွေကိုသာ အသုံးပြု ခဲ့တဲ့ အတွက် တပ်မတော် ဖက်က တပ်ရင်းမှူး ကျဆုံး ခဲ့ရတယ်လို့ သူကပြော ပါတယ်။
နောက်မှ အရာရှိနဲ့ တပ်မတော်သား တွေကို ကယ်ထုတ် နိုင်ဖို့ ရဟတ်ယာဉ်တွေကို သုံးခဲ့တာလို့ ဗိုလ်ချုပ် စိုးနိုင်ဦးက ပြောပါတယ်။
မောင်တော အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ် စတင်ဖြစ်ပွားချိန် ကနေ အခုထိ ဖမ်းဆီး ရရှိသူ ၂၄၃ ယောက် ရှိတယ်လို့လည်း သတင်းစာ ရှင်းလင်းပွဲမှာ အစိုးရဖက်က ထုတ်ဖော်ပြော ခဲ့ပါတယ်။