RCSS/SSA နဲ့ တပ်မတော် ဖြစ်တဲ့ တိုက်ပွဲက နားလည်မှု လွဲတာလို့ JMC သုံးသပ်

ရှမ်းပြည်

ဓာတ်ပုံ ရင်းမြစ်, RCSS/SSA

ဓာတ်ပုံ ပုံစာ,

မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေ နဲ့ သုံးစွဲမှုတွေလည်း ဆိုးဆိုး ရွားရွား ရှိနေတယ်လို့ JMC က သုံးသပ်

ပြီးခဲ့တဲ့ အောက်တိုဘာလ က မိုင်းကိုင်မြို့နယ် ပန်ပွဲရွာ မှာ အပစ်အခတ် ရပ်စဲရေး စာချုပ် NCA မှာ လက်မှတ်ရေးထိုးထားတဲ့ RCSS/SSA ရှမ်းပြည် တပ်မတော် တောင်ပိုင်း နဲ့ မြန်မာအစိုးရ တပ်မတော် အကြား တိုက်ပွဲ ဖြစ်ခဲ့ပြီး အစိုးရ စစ်တပ် ဘက်က ၂ ယောက် ဒဏ်ရာ ရခဲ့ပါတယ်။

သီပေါမြို့နယ် နန့်လန်ရွာဘက် မှာ ဖြစ်ခဲ့တဲ့ မူးယစ်ဆေးဝါး ကိစ္စတခုနဲ့ ပတ်သက်ပြီး RCSS/SSA က လူတွေ ဖမ်းဆီး ရာ ကနေ ပြဿနာ စခဲ့တာလို့လည်း သိရပါတယ်။

ဒီပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် JMC လို့ခေါ်တဲ့ အပစ်အခတ်ရပ်စဲမှု စောင့်ကြည့် လေ့လာရေး ကော်မီတီ က စိစစ် အတည်ပြုရေးအဖွဲ့ကို ဖွဲ့စည်း စေလွှတ် ခဲ့ရာမှာ အခု သူတို့ ရဲ့ အစီရင်ခံစာ ကို ထုတ်ပြန်ဖို့ အသင့်ဖြစ်နေပါပြီ။

နှစ်ဘက် ထိတွေ့မှု ပြဿနာ က မူးယစ်ဆေးဝါး အပေါ်မှာ အခြေခံတဲ့ ပြဿနာ ကြောင့် ဖြစ်ကြောင်း စိစစ်အတည်ပြုရေးအဖွဲ့ဝင်တယောက်ဖြစ်တဲ့ ဦးဆလိုင်းယောအောင် က ပြောပါတယ်။

အဲဒီ ဖြစ်စဉ် တစ်ခုလုံး က မတော်တဆမှု တစ်ခု အဖြစ် လို့ အပစ်အခတ် ရပ်စဲမှု စောင့်ကြည့် လေ့လာရေး ကော်မတီက သုံးသပ် ထားပါတယ်။

အဆိုပါ ဒေသမှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေ နဲ့ သုံးစွဲမှုတွေလည်း ဆိုးဆိုး ရွားရွား ရှိနေတယ်လို့ JMC က သုံးသပ် ခဲ့ပြီး နှစ်ဘက် တပ်တွေ အကြားမှာ နားလည်မှု လွဲတာတွေလည်း ရှိခဲ့ပါတယ်။

ဒေသခံ တွေက ရှမ်းပြည် တပ်မတော် တောင်ပိုင်း RCSS/SSA ကို အကူအညီ တောင်းတဲ့ အခါ ရှိသလို၊ တပ်မတော် ဘက်ကို အကူအညီ တောင်းခံခဲ့ တာတွေ လည်း ရှိပြီး နှစ်ဘက် တပ်တွေ ကြားမှာ နားလည်မှု တွေ လွဲခဲ့ကြတယ်လို့ JMC က သုံးသပ်ထားပါတယ်။

အဲဒီ ဒေသကို တပ်မတော် ဘက်ကလည်း စစ်ဆင်ရေး နယ်မြေ အဖြစ် ယူဆ ထားသလို၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း ဘက်ကလည်း သူတို့ရဲ့ နယ်မြေ အဖြစ် သတ်မှတ် ထားကြတာ ဖြစ်ပါတယ်။

အစိုးရ တပ်မတော် နဲ့ RCSS/SSA ကြားမှာ ချုပ်ဆို ထားတဲ့ စာချုပ်တွေထဲက အချက်အလက် တွေကို နှစ်ဘက် ညှိနှိုင်းပြီး အကောင်အထည် ဖော်ဖို့လည်း လိုအပ်နေပါတယ်။

နှစ်ဘက် တပ်ဖွဲ့အကြားမှာ အမြင် ကွဲလွဲမှုတွေ ရှိနေတဲ့ အတွက် ပြဿနာ တွေ ဖြစ်ပွား ခဲ့ရတာ ဖြစ်ကြောင်း အပစ်အခတ် ရပ်စဲမှု ပူးတွဲ လေ့လာစောင့်ကြည့်ရေး ကော်မတီ က သုံးသပ်ပါတယ်။