လွှတ်တော် အမတ် မေးတာကို ဝန်ကြီး မဖြေနိုင်

လွှတ်တော်

ဓာတ်ပုံ ရင်းမြစ်, Hluttaw

ဓာတ်ပုံ ပုံစာ,

သက်ဆိုင်ရာ ဝန်ကြီးတွေ အနေနဲ့ဖြေကြားတဲ့ အခါ မေးခွန်း နဲ့အဖြေ လွဲတာတွေ ရှိခဲ့

နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ပြည်သူ့လွှတ်တော် နဲ့အမျိုးသား လွှတ်တော် အစည်း အဝေး တွေကို စတင်ခဲ့ပါတယ်။

လွှတ်တော် အစည်းအဝေး ပြန်စတဲ့နေ့မှာတော့ ဖြည့်စွက် ဘဏ္ဍာ ငွေကိစ္စ နဲ့ပတ်သက်ပြီး အစိုးရအဖွဲ့က တင်ပြ လာတာ ရှိသလို့ရပ်ကျေးဥပဒေနဲ့ပတ်သက်လို့ဆွေးနွေးတာတွေရှိခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်ရဲ့ မေးခွန်း မေးတဲ့ အစီအစဉ်မှာတော့ ပန်းတောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်ခင်နှင်းသစ်က ကုန်ဈေးနှုန်းတွေ တရိပ်ရိပ်တက်နေတာကို ထိန်းချုပ်ဖို့အစီအစဉ်ရှိမရှိ မေးမြန်းခဲ့ပါတယ်။

ဒီမေးခွန်းနဲ့ပတ်သက်လို့ စီးပွါးရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး က ဖြေကြားတဲ့ အခါမှာတော့ မေးခွန်းနဲ့အဖြေလွဲနေတဲ့ အတွက် မေးခွန်းကို ဖြေကြားပေးဖို့ထပ်ဆင့် မေးခွန်း မေးတဲ့အခါ ဝန်ကြီးက အဆင့်သင့် မဖြစ်သေးတဲ့အတွက် နောက်မှ ဖြေပါရစေလို့ ပြန်လည် ဖြေကြား ခဲ့ပါတယ်။

မေးခွန်း မေးတဲ့ ဒေါ်ခင်နှင်းသစ်က သူ့ အနေနဲ့ ဒီမေးခွန်းကို ပြီးခဲ့တဲ့ တစ်လခွဲ လောက်က ကြိုတင် မေးထား တာ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဝန်ကြီးရဲ့ အဖြေနဲ့ပတ်သက်လို့ လွှတ်တော် ကိုယ်စားလှယ် တော်တော်များက ဝေဖန်ခဲ့ကြပါတယ်။

ပြည်ထောင်စု ဝန်ကြီး က သီအိုရီတွေ လွှတ်တော်မှာ လာရှင်းပြခဲ့ပြီး ကုန်ဈေးနှုန်း တက်တဲ့ အကြောင်းရင်း ကို မရှင်းလင်းနိုင် ဖြစ်နေရတာက အင်မတန်မှ စိတ်ပျက် ဖို့ ကောင်းတယ်လို့ ရခိုင် အမျိုးသား ပါတီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစော က ပြောပါတယ်။

Nld အစိုးရ လက်ထက်မှာတော့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မေးခွန်းနဲ့ပတ်သက်လို့ သက်ဆိုင်ရာ ဝန်ကြီးတွေ အနေနဲ့ဖြေကြားတဲ့ အခါ မေးခွန်း နဲ့အဖြေ လွဲတာတွေ ရှိခဲ့ပါတယ်။

အထူးသဖြင့်လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ထပ်ဆင့် မေးခွန်းနဲ့ ပတ်သက်လို့ ဝန်ကြီးဌာနတွေ အနေနဲ့ဖြေဆိုတဲ့အခါ လိုအပ်ချက်တွေ အများကြီး ရှိနေတာ ကို တွေ့ရပါတယ်။