ရခိုင်က နယ်မြေရှင်းလင်းရေး ကိစ္စတွေကြောင့် ဘင်္ဂလားဒေ့ရှ်ကို လူတွေ ထွက်ပြေး

ဓာတ်ပုံ ရင်းမြစ်, Reuters
သတင်းတွေကို အတည်ပြုဖို့ နိုင်ငံခြား သတင်းထောက်တွေ ဝင်ခွင့် မရ
ရခိုင်ပြည်နယ်မှာ အစိုးရ က လုံခြုံရေး အရ နယ်မြေ ရှင်းလင်းမှုတွေ လုပ်နေ တာကြောင့် ကလေးငယ် တွေ အပါအဝင် ရာနဲ့ချီတဲ့ ရိုဟင်ဂျာ မွတ်စလင် တွေက ဘင်္ဂလားဒေ့ရှ် နိုင်ငံ ထဲကို ထွက်ပြေး ဖို့ ကြိုးစား နေပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ အတွင်း က မောင်တော မြို့နယ် မှာ အကြမ်းဖက် တိုက်ခိုက် မှုတွေ ဖြစ်ပွား ခဲ့ပြီးနောက် တပ်မတော် က နယ်မြေ ရှင်းလင်း ရေး ဆောင်ရွက်ခဲ့ရာမှာ ဒေသခံ အချို့ သေဆုံး ခဲ့ရပါတယ်။
နိုဝင်ဘာလ ၁၂ ရက်နေ့ မနက်က မယင်းတောင် ရွာနားမှာ ရှင်းလင်းရေး လုပ်နေတဲ့ တပ်မတော် စစ်ကြောင်းနဲ့ ဓားလှံ မှိန်းတွေ ကိုင်ထားတဲ့ အကြမ်းဖက် တိုက်ခိုက်သူ ၆ဝ ခန့် ထိတွေ့ တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ တပ်မတော် ဘက်က သတင်း ထုတ်ပြန်ပါတယ်။
အဲဒီ ဖြစ်စဉ်ကနေ အောက်တိုဘာ ၉ ရက် ကျီးကန်းပြင် နယ်ခြားစောင့်ရဲ ကွပ်ကဲမှု ဌာနချုပ်က ယူသွားတဲ့ ဘီအေ ၉၄ သေနတ် ၁ လက် နဲ့ ဆက်စပ် ခဲယမ်းတွေ၊ အလောင်း ၆ လောင်း ရ ခဲ့သလို စစ်သား တယောက် ကျပြီး အရာရှိ နဲ့ စစ်သည် အချို့ ဒဏ်ရာရတယ် လို့ တပ်က ထုတ်ပြန်ပါတယ်။
ဂွဆုံရွာမှာတော့ အကြမ်းဘက် တိုက်ခိုက်သူ ၆ဝဝ က ဝိုင်းဝန်းတိုက်ခိုက်ရာမှာ တပ်ဘက်က စစ်ကြောင်းမှူး တယောက် ကျဆုံးပြီး လေတပ်က ရဟတ်ယာဉ် ၂ စင်းနဲ့ ကူညီ ပစ်ခတ်ပေးလို့ တိုက်ခိုက်သူတွေ ထွက်ပြေးသွားခဲ့ကြောင်း တပ်မတော် က သတင်းထုတ်ပြန်ထားပါတယ်။
ရခိုင် မြောက်ပိုင်း ဒေသ က ကျေးရွာ အချို့မှာ မီးလောင်မှုတွေ လည်း ဖြစ်ပွား ခဲ့ပြီး ရာနဲ့ချီ တဲ့ အိမ်တွေ ပျက်စီး ဆုံးရှုံး ခဲ့ရကြောင်း လူ့အခွင့်အရေး လှုပ်ရှား သူတွေ နဲ့ မျက်မြင် သက်သေ တွေက စွပ်စွဲ ပြောကြား နေပါတယ်။
နိုဝင်ဘာလ ၁၆ ရက်နေ့က နိုင်ငံတော် သမ္မတ အိမ်တော်မှာ ပြုလုပ်တဲ့ ရခိုင်ပြည်နယ် ဆိုင်ရာ အထူး သတင်းစာ ရှင်းလင်းပွဲမှာ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ရဲ့ နိုဝင်ဘာလ ၁၀ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြတဲ့ အချက်အလက်တွေဟာ တကယ့် လက်တွေ့ ဖြစ်ရပ်မှန်တွေနဲ့ ကွဲလွဲ နေကြောင်း ကွင်းဆင်း လေ့လာ စုံစမ်းမှုတွေ အရ သိရတယ်လို့လည်း ပြောဆိုခဲ့ ပါတယ်။
ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်ပြီး အချိန်နဲ့ တပြေးညီ သတင်း ထုတ်ပြန်ပေးဖို့ နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး အဖွဲ့ ကို ဖွဲ့စည်း လိုက်ကြောင်းလည်း ဦးဇော်ဌေးက ပြောပါတယ်။
ရခိုင် ပြည်နယ် က သတင်းတွေ နဲ့ ပတ်သက်လို့ မြန်မာ အစိုးရ ဘက်က ငြင်းဆို ထားပေမယ့် နိုင်ငံတကာ သတင်း ဌာန တွေ၊ အကူအညီ ပေးရေး အဖွဲ့ တွေ မောင်တော ဒေသ အတွင်း ဝင်ရောက်ခွင့် ကို လုံခြုံရေး အကြောင်း ပြ ပိတ်ပင် ထားပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံ အတွင်း ကို ဝင်ရောက်ဖို့ ကြိုးစားတဲ့ ရိုဟင်ဂျာ မွတ်စလင် တွေဟာ နယ်စပ် မှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့ရဲ့ ပြန်လည် စေလွှတ် မှု ကို ခံနေရ ကြောင်း ဒေသခံ တစ်ဦးက ပြော ပါတယ်။