ရွှေတိဂုံနဲ့ တန်ခိုးကြီး ဘုရားတွေမှာ လုံခြုံရေး တိုးမြှင့်

Shwedagon

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images

ဓာတ်ပုံ ပုံစာ,

ဘုရားဖူးတွေနဲ့ စည်ကားနေတဲ့ ရွှေတိဂုံရင်ပြင်တော်

မောင်တောမြို့နယ်မှာ အောက်တိုဘာ ၉ ရက်နေ့က နယ်ခြားစောင့် ရဲတပ်ဖွဲ့ တိုက်ခိုက် ခံရမှု ဖြစ်ပြီးတဲ့ နောက် မြန်မာနိုင်ငံက တန်ခိုးကြီး ဘုရားတွေမှာ လုံခြုံရေးတွေ တိုးမြှင့် ချထား တယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီး ဌာနက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့တန်ခိုးကြီး ဘုရားတွေဖြစ်တဲ့ ရွေတိဂုံစေတီတော်၊ မန္တလေး မဟာမြတ်မုနိ ဘုရားနဲ့ ကျိုက်ထီးရိုး စေတီတော် စတဲ့ တန်ခိုးကြီး ဘုရားတွေမှာ အခုချိန်ထိ ကြီးကြီးမားမား လုံခြုံရေး ပြဿနာ မရှိခဲ့ပေမဲ့ အစိုးရသစ် လက်ထက်မှာ ကမ္ဘာလှည့်ခရီးသွား တွေနဲ့ပြည်တွင်း ပြည်ပ ဘုရားဖူး ဧည့်သည်တွေ လုံခြုံရေး အတွက် လုံခြုံရေး တိုးမြှင့်ဖို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနက အစီအစဉ် ရှိခဲ့ ပါတယ်။

ဒီလို အချိန်မှာပဲ ရွှေတိဂုံ ဘုရားကို အဖျက် အမှောင့် လုပ်မယ်လို့ ခြိမ်းခြောက်တဲ့ ရုပ်သံဖိုင်တွေ လူမှု ကွန်ရက်တွေမှာ တက်လာတဲ့ အတွက် လုံခြုံရေး တိုးမြှင့် ချထားရတာ ဖြစ်တယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယ ညွန်ကြားရေးမှူးချုပ် ဦးဇာနည်ဝင်းက ပြောပါတယ်။

နိုင်ငံရဲ့ ပုံရိပ် ဖြစ်တဲ့ ဒီတန်ခိုးကြီး ဘုရားတွေကို တစုံတရာ ထိခိုက်မှုမျိုးမှ အဖြစ်မခံနိုင် သလို ဖွံ့ဖြိုးစ နိုင်ငံဖြစ်လို နိုင်ငံတကာ ခရီးသွားလုပ်ငန်းကိုလည်း မထိခိုက် စေချင်ဘူးလို့ သူက ပြောပါတယ်။

လုံခြုံရေး တိုးမြင့် ဆောင်ရွက်ရာမှာ ရဲတပ်ဖွဲ့ အနေနဲ့ လုံခြုံရေး စောင့်ကြည့်ပြီး မသင်္ကာသူ တွေကို ရှာဖွေ စစ်ဆေးတာ၊ ဘုရားတွေမှာ လုံခြုံရေး အထောက် အကူပြု ပစ္စည်းတွေ တပ်ဆင်ပြီး အချိန်ပြည့် စောင့်ကြည့်တာနဲ့ ဂေါပက လူကြီးတွေ ရဲ့ စီမံ ကြီးကြပ်မှု အောက်မှာ လုံခြုံရေး တာဝန်ကျသူတွေ က စောင့်ကြည့်ပြီး စစ်ဆေး ရှာဖွေတဲ့ လုပ်ငန်း ဆိုပြီး သုံးပိုင်း ခွဲခြား ဆောင်ရွက်မယ်လို့ ဦးဇာနည်ဝင်းက ပြောပါတယ်။