ထွက်ပြေးလာသူတွေကို တားဖို့ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာအင်အားတိုးချ

ဓာတ်ပုံ မူပိုင် Reuters
Image caption တိုက်ခိုက်မှုတွေနောက်ပိုင်း ရိုဟင်ဂျာတချို့ အိုးအိမ်စွန့်ထွက်ပြေးခဲ့

အောက်တိုဘာလ ၉ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ နယ်ခြားစောင့်ရဲစခန်းတချို့ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ပြီးတဲ့နောက်ပိုင်း အစိုးရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ရှင်းလင်းမှုတွေအတွင်း ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ရိုဟင်ဂျာတွေ ထွက်ပြေးလာနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒီလို ထွက်ပြေးလာသူတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းကို ဝင်ရောက်မလာအောင် တားဆီးကာကွယ်နိုင်ရေး အတွက် နယ်ခြားစောင့်တပ်က တပ်ဖွဲ့ဝင်အင်အားတွေကို နယ်စပ်မှာ တိုးချသွားမယ်လို့ ဘင်္ဂလာဒေ့ရှ် အာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အခု အသစ်ချမယ့် တပ်ဖွဲ့ဝင်တွေဟာ နယ်စပ်ကို ဝင်ရောက်လာတဲ့သူတွေကို တားဆီးဖို့ သာမက ဒေသခံ လူထုကိုလည်း မြန်မာဘက်က တရားမဝင် ဝင်ရောက်လာသူတွေ လက်မခံဖို့ နဲ့ ဆန့်ကျင်ကြဖို့ စည်းရုံး ဆော်သြမှုတွေကိုလည်း နယ်စပ်တစ်လျှောက်မှာ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

တနေ့ညက လှေနဲ့၀င်လာတဲ့ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်တွေက အဝင်မခံဘဲ ပြန်လွှတ်ခဲ့တယ်လို့ ဘင်္ဂလာဒေ့ရှ်နိုင်ငံ တက်ကနက်မြို့နယ် မြစ်နားရွာက ရခိုင်အမျိုးသား လူကြီးတဦးက ဘီဘီစီကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ကို အရင်ကလည်း မြန်မာဘက်ကနေ တရားမဝင် ဝင်ရောက်ခဲ့တာ ရှိပေမယ့် အောက်တိုဘာ ၉ ရက် အကြမ်းဖက်မှု ဖြစ်ပွားပြီးတဲ့ နောက် ထွက်ပြေးခိုးဝင်လာသူ ပိုများလာတယ်လို့လဲ တက်ကနက် နယ်ခြားစောင့်တပ် (BGB 2) မှ တပ်ရင်းမှူး ဗိုလ်မှူးချုပ် Abu Zar Al Jahid က ဘင်္ဂလားဒေ့ရှ် မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။