မောင်တော က ဆရာတွေ နေတဲ့ အဆောင် ထပ်မံ မီးရှို့ခံရ

ရခိုင်ပြည်နယ် စုံစမ်းရေး ကော် မရှင် က မောင်တော မြို့က နယ်မြေ ရှင်းလင်းမှု တွေကို စိုးရိမ်မိကြောင်း ထုတ်ပြန်ထား ခဲ့ပါတယ်။
မောင်တောမြို့နယ် တောင်ပိုင်း မြင်းလွတ်ကျေးရွာ က ဆရာတွေ နေထိုင်တဲ့ အဆောင် တစ်ဆောင် နိုဝင်ဘာလ ၁၇ ရက်နေ့ ည ၇ နာရီခန့်က ထပ်မံ မီးရှို့ ခံခဲ့ ရပါတယ်။
ရခိုင်ပြည်နယ် လွှတ်တော် စုံစမ်းရေး အဖွဲ့ မောင်တောမြို့ကို ရောက်ရှိနေချိန်မှာဘဲ တောင်ပိုင်း က မြင်းလွတ်မူဆလင်ကျေးရွာ အလယ်တန်းကျောင်း က ဆရာမတွေ နေတဲ့ အဆောင်တစ်ဆောင် ထပ်မံ မီးရှို့ခံခဲ့ ရတာ ဖြစ်ပါတယ်။
နိုဝင်ဘာလ ၇ ရက်နေ့က လည်း အဲဒီ ရွာက ဆရာမတွေ နေတဲ့ နှစ်ခန်းတွဲ အဆောင် တစ်ဆောင်နဲ့ လေးခန်းတွဲ အခန်းနှစ်ခန်း တို့ မီးရှို့ဖျက်ဆီး ခံခဲ့ရပါတယ်။
မောင်တောမြို့နယ်ကို ရောက်နေတဲ့ ရခိုင်ပြည်နယ် လွှတ်တော် စုံစမ်းရေး အဖွဲ့ဟာ မောင်တော မြို့ပေါ်က မွတ်ဆလင် ခေါင်းဆောင် အချို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
မောင်တော က မွတ်ဆလင် တွေကတော့ သူတို့အနေနဲ့ အကြမ်းဖက် လုပ်ရပ်တွေကို မလိုလားကြတဲ့ သူတွေ ဖြစ်ကြောင်း တွေ့ဆုံ ပွဲမှာ ပြောကြား ခဲ့တယ်လို့ စုံစမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ဝင်းက ပြောပြပါတယ်။
လတ်တလော ဖြစ်ပွား နေတဲ့ အကြမ်းဖက် လုပ်ရပ် တွေဟာ တခြား ကနေ စိမ့်ဝင် လာကြတဲ့ လူတွေရဲ့ လုပ်ရပ် ဖြစ်တယ်လို့လည်း မောင်တော မြို့မှာ ရောက်နေတဲ့ မွတ်ဆလင် တွေက ပြောပါတယ်။
ဦးအောင်ဝင်း ဦးဆောင်တဲ့ ကော်မရှင် အဖွဲ့ ဝင်တွေဟာ တိုက်ပွဲတွေ၊ မီးရှို့မှုတွေ ဖြစ်နေတဲ့ မောင်တောမြို့နယ် မြောက်ပိုင်းက ခြံပြင်၊ စပယ်ပင်းရင်း၊ ရေမျက်တောင်၊ ကြက်ရိုးပြင်၊ ကပ္ပကောင်း၊ ငခူရ နဲ့ ကြိမ်ချောင်း ရခိုင် တိုင်းရင်းသားကျေးရွာတွေကို သွားရောက်ခဲ့ကြ ပါတယ်။
ရခိုင်တိုင်းရင်းသား ကျေးရွာတွေမှာ လုံခြုံရေး အပိုင်းမှာလည်း အခက်အခဲတွေ ရှိနေပြီး စားဝတ်နေရေးမှာလည်း အခက်အလဲ ဖြစ်နေတယ်လို့ မြေပြင် အနေအထားကို ဦးအောင်ဝင်း က ရှင်းပြပြောဆိုပါတယ်။
ခုလတ်တလော ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ မီးရှို့မှု အခြေအနေတွေကြောင့် နှစ်ဘက် လူမှုအသိုင်းအဝိုင်းက ကြောက်ရွံ့ စိုးရိမ်မှုတွေ ဖြစ်ပေါ်နေပြီး မွတ်ဆလင် တွေ ဘင်္ဂလား ဒေ့ရှ်ကို ထွက်ပြေးတိမ်းရှောင်တာတွေ ရှိသလို ရခိုင် လူမျိုး တွေလည်း မောင်တောမြို့ကို တက်ရောက် ခိုလှုံ နေသူတွေ ရှိပါတယ်။