ကလေးသူငယ်တွေကို ကာကွယ်ဖို့ နေပြည်တော်မှာ ညီလာခံ ကျင်းပမယ်

ဓာတ်ပုံ ရင်းမြစ်, AP
မူးယစ်ဆေးဝါး ရောင်းချတဲ့ နေရာမှာ အသုံးချ ခံရတာ ရှိသလို၊ အနှိပ်ခန်း တွေ နဲ့ လိင် လုပ်သား တွေ အတွက် အကျိုး ဆောင် ပေးရတဲ့ သူအဖြစ် စေခိုင်း ခံနေရ
နိုဝင်ဘာလ ၂၀ ရက်နေ့ ကို Universal Children Day နိုင်ငံတကာ ကလေး သူငယ်များနေ့ အဖြစ် သတ်မှတ်ထားပါတယ်။
မြန်မာ နိုင်ငံမှာလည်း နိုင်ငံတကာ ကလေးသူငယ်များ နေ့မှာ အမျိုးသား အဆင့် ကလေး သူငယ်များ တွေ့ဆုံ ပွဲကို နိုဝင်ဘာ ၁၈ ရက်နေ့ ကနေ ၂၀ ရက်နေ့ အထိ နေပြည်တော်မှာ ကျင်းပမယ်လို့ သိရပါတယ်။
မြန်မာ နိုင်ငံမှာ အသက်ဆယ့်ရှစ်နှစ်အောက် ကလေးဦးရေ လေးသန်း ခွဲ လောက် ဟာ ကျောင်းစာသင်ခန်း ပြင်ပ ရောက်နေပြီး၊ တစ်သန်း ခွဲကျော် ကတော့ လုပ်ငန်း ခွင် မှာ ရှိနေပါတယ်။
ကလေးငယ် ခြောက်သိန်း ကျော် ကလည်း မိဘ တွေ နဲ့ အတူမနေနိုင်ဘဲ ရှိနေကြပါတယ်။
တချို့ လမ်းပေါ်ရောက် ကလေးတွေဟာ မူးယစ်ဆေးဝါး ရောင်းချတဲ့ နေရာမှာ အသုံးချ ခံရတာ ရှိသလို၊ အနှိပ်ခန်း တွေ နဲ့ လိင် လုပ်သား တွေ အတွက် အကျိုး ဆောင် ပေးရတဲ့ သူအဖြစ် စေခိုင်း ခံနေရပါတယ်။
ပြီးတော့ အသက်မပြည့်သေးတဲ့ လိင်အလုပ်သမားတွေလည်း များပြား လာကြောင်း ကျောင်းပြင်ပ စာသင်ကြားရေး နဲ့ အသက်မွေး အတတ် ပညာတွေ သင်ပေးနေတဲ့ ရတနာ မေတ္တာ အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေ က ပြောပါတယ်။
နေပြည်တော်မှာ လုပ်မယ့် အမျိုးသား အဆင့် ကလေးသူငယ်များ တွေ့ဆုံ ပွဲ ကို လွှတ်တော် အမတ်တွေ၊ အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေ၊ လူမှုရေး အဖွဲ့အစည်းတွေ တက်ရောက်ဖို့ကိုလည်း ဦးဆောင် ကျင်းပ သူတွေက ပန်ကြား ခဲ့ပါတယ်။
ကလေးသူငယ်များ တွေ့ဆုံ ပွဲကတဆင့် ကလေးတွေ အတွက် လိုအပ်ချက် တွေကို ဥပဒေပြု ပြဌာန်း နိုင်ဖို့ အတွက် လွှတ်တော် အတွင်းကိုရောက်ရှိအောင် တင်ပြ သွားမယ်လို့လည်း ဦးဆောင် ကျင်းပ သူတွေက ပြောပါတယ်။
အဆိုပါ အမျိုးသား အဆင့် ကလေး သူငယ်များ တွေ့ဆုံ ပွဲ ကို ပြည်နယ် နဲ့ တိုင်းဒေသကြီး ၁၄ ခု က ကလေး ကိုယ်စားလှယ်ပေါင်း တစ်ရာကျော် တက်ရောက် မှာ ဖြစ်ကြောင်း သတင်း ရရှိပါတယ်။