မောင်တောနယ် အရပ်သားထွက်ပြေးမှု UNHCR စိုးရိမ်

ရခိုင်

ဓာတ်ပုံ ရင်းမြစ်, UNHCR

ဓာတ်ပုံ ပုံစာ,

မောင်တောမြို့က မူဆလင်ရွာသားတွေ နတ်မြစ်ကို ကျော်ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးမှုတွေ ဆက်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်

ရခိုင်ပြည်နယ် မောင်တောနယ်အတွင်းက မတည်ငြိမ်မှုတွေမှာ အရပ်သားတွေ လုံခြုံရေးနဲ့ ပတ်သက်ပြီး စိုးရိမ်မှုရှိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ကိုယ့်နိုင်ငံသားတွေကို ကာကွယ်ဖို့လိုပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း ထွက်ပြေးကြတဲ့ အရပ်သားတွေအတွက် လုံခြုံတဲ့ လမ်းကြောင်း ဖွင့်ပေးဖို့လိုတယ်လို့ UNHCR ကတိုက်တွန်းထားပါတယ်။

သောကြာနေ့မှာ မောင်တောမြို့နယ် တဝိုက်အတွင်း တိုက်ပွဲဖြစ်တာတွေ မရှိခဲ့ပေမယ့် မူဆလင်ဘာသာဝင်တွေ စုဝေးဝတ်ပြုတဲ့ နေ့ဖြစ်တာကြောင့် ဒေသတွင်း လုံခြုံရေးတင်းကြပ်ထားတယ်လို့ သိရပါတယ်။

မောင်တောမြို့နယ်မြောက်ပိုင်း တောင်ပြိုမြို့နယ်ခွဲမှာတော့ ဓါး၊လှံနဲ့ မှိန်းစတဲ့ လက်နက်တွေကို နိုဝင်ဘာလ ၁၇ ရက်နေ့ ညနေ ၆နာရီ နောက်ဆုံးထား အပ်နှံဖို့ ဒေသတွင်း အာဏာပိုင်တွေက နှိုးဆော်ထားပါတယ်။

လုံခြုံရေးအရ ဒေသတွင်း ရဟတ်ယာဉ်တွေ ပျံဝဲမှုတွေရှိနေပြီး မောင်တောမြို့နယ် မြောက်ဘက်က မူဆလင်ရွာသားတွေဟာ နတ်မြစ်ကို ကျော်ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးမှုတွေ ဆက်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒီဒေသမှာ တာဝန်ကျနေတဲ့ နယ်ခြားစောင့်တပ် အရာရှိတဦးကတော့ သူတို့ဘက်က ပိတ်ဆို့ စောင့်ကြပ်မှုတွေ ရှိနေပေမယ့် ချောင်း၊မြောင်းတွေကနေ ထွက်ပြေးမှုတွေ ရှိနိုင်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ကြာသာပတေးနေ့က သက်ကိုင်းညာ၊ ဝက်ပြင်၊ ပွင့်ဖြူချောင်း မူဆလင် ကျေးရွာတွေက မသင်္ကာဖွယ်ရာ ရွာသား ၁၄ ဦးကို ဖမ်းဆီးထားပြီး နိုဝင်ဘာ ၁၆ ရက်နေ့ကလည်း မောင်တောမြို့နယ် ကျားခေါင်းတောင်ကျေးရွာ၊ ဂွဆုံကျေးရွာ၊ ဒါးကြီးဇား ကျေးရွာတွေကို ဝင်ရောက်ရှင်းလင်းရာမှာ အကြမ်းဖက်သမားလို့ ယူဆရတဲ့ မသင်္ကာသူ ၅၉ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ကြေညာထားပါတယ်။