ကိုရီးယား ကုမ္ပဏီနဲ့ ပေါင်းပြီး မြိတ်မှာ သဘာ၀ ဓါတ်ငွေ့သုံး စက်ရုံ စီမံကိန်း ပြင်ဆင်
မြိတ်ခရိုင် ကျွန်းစုမြို့နယ်မှာ မြိတ်အများပိုင် ကော်ပိုရေးရှင်းလီမိတက်နဲ့ ကိုရီးယားနိုင်ငံက KMPI ကုမ္ပဏီတို့ပူးပေါင်းကာ သဘာဝဓာတ်ငွေ့စွမ်းအင် သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်း တခုကို ပြင်ဆင် နေကြပါတယ်။
ဒေါ်လာသန်း ၅၆၅ သန်း ရင်းနှီးမြှုပ်နှံမယ့် အဲဒီ စီမံကိန်း မှာ အေးခဲထားတဲ့ သဘာဝ ဓာတ်ငွေ့ တွေကို ဝယ်ယူတင်သွင်းမှာ ဖြစ်ပြီး အမေရိကန် က နေ သင်္ဘောနဲ့ မှာယူမှ ဖြစ်ပါတယ်။
အဲဒီ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားစက်ရုံကို ၂၀၁၇ မှာ စတင်ဆောက်လုပ်နိုင်မယ် လို့မှန်းဆ ကြပြီး ၂၀၂၀ နှစ်အကုန်လောက်မှာ ဓာတ်အား စတင်ထုတ်လုပ်နိုင်မယ်လို့ အစီအစဉ် ချထားတဲ့အကြောင်း မြိတ်အများပိုင် ကော်ပိုရေးရှင်း လီမိတက် ရဲ့ အထွေထွေမန်နေဂျာ ဦးအောင်ချိန် က ဘီဘီစီ ကို ပြောပြပါတယ်။
အစပိုင်းမှာ လျှပ်စစ်ဓာတ်အား မီဂါဝပ် ၁၅၀ လောက်ထွက်မယ် လို့ရည်မှန်းထားပြီး အဆင်ပြေမယ် ဆိုရင် မီဂါဝပ် ၃၀၀ လောက်ထိ တိုးထုတ်မယ်လို့ ဆိုပါတယ်။
မီဂါဝပ် ၁၅၀ နဲ့တင် တနင်္သာရီတိုင်း တခုလုံးသုံးဖို့ လုံလောက်နိုင်တယ်လို့လည်း အခုစီမံကိန်း လုပ်သူတွေ က တွက်ချက်နေပါတယ်။
ဓာတ်အားတယူနစ်ကို ကျပ် ၁၅၀ နဲ့ ပေးဝေနိုင်မယ်လို့ လည်း သူတို့ က ဆိုပါတယ်။
စက်ရုံစီမံကိန်း ကြောင့်ဖြစ်လာမယ့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ ရပ်ရွာလူထု လူမှုဘဝ ဆိုင်ရာ ထိခိုက်မှု ဘယ်လောက် အထိ ရှိနိုင်သလဲဆိုတဲ့ ဆန်းစစ်ချက်တွေလည်း လုပ်ဆောင်ထားပြီး အစိုးရကိုတင်ပြဖို့ ရှိတယ်လို့ စီမံကိန်း တာဝန်ရှိသူတွေ က ပြောပါတယ်။
မြန်မာပြည်မှာ သဘာဝဓာတ်ငွေ့တွေ ထွက်ပေမယ့် အရင်စစ်အစိုးရ လက်ထက် ကတည်းက ထွက်သမျှကို နိုင်ငံခြားတိုင်းပြည်တွေ ကို တင်ပို့ရတာ ကြောင့် အခုလို ပြည်တွင်းလိုအပ်ချက် တွေအတွက် နိုင်ငံခြား ကနေ ပြန်လည် တင်သွင်းနေရတာ ဖြစ်ပါတယ်။
အခု သဘာဝဓာတ်ငွေ့သုံးစီမံကိန်း က သဘာဝပတ်ဝန်းကျင် နဲ့ လူမှုဘဝ ထိခိုက်မှု ဘယ်လောက် ရှိနိုင်သလဲဆိုတာ မသိရသေးပေမယ့် ကျောက်မီးသွေးသုံး ဓာတ်အားထုတ် စက်ရုံတွေ ထက်စာရင် ထိခိုက်မှု နည်းပါးနိုင်တယ် ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။