မောင်တော ဒေသ ကို ကယ်ဆယ်ရေး ဝန်ကြီး သွားရောက်

Image caption ပဋိပက္ခတွေ ဖြစ်ပျက် ခဲ့တဲ့ ရခိုင်ပြည်နယ် က အချို့ ဒေသ တွေကို လူသားချင်း စာနာမှု အကူအညီ ပေးဖို့ အဓိက အကြောင်းရင်း နဲ့ လာရောက်တာ ဖြစ်

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတက်ရေး ဗဟိုကော်မတီထဲမှာရှိတဲ့ ဒေသတွင်းပြန်လည် နေရာချထားရေးနဲ့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ကယ်ဆယ်ရေးနဲ့ နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးဟာ နိုင်ဝင်ဘာလ ၁၉ ရက်နေ့က ရခိုင်ပြည်နယ် မြို့တော်စစ်တွေကို ရောက်ရှိလာခဲ့ပါတယ်။

ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးဟာ စစ်တွေမြို့ကို ရောက်ရှိလာပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ဆွေးနွေး ခဲ့ပါတယ်။

ဆွေးနွေးပွဲမှာတော့ ဒီနေ့ ရခိုင်ပြည်နယ်တွင်း လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေတွေ နဲ့ ဒေသ ဖွံ့ဖြိုးရေး နဲ့ဆက်စပ်နေတဲ့ ပညာရေး၊ စီးပွားရေးနဲ့ လမ်းပန်းဆက်သွယ်ရေး စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ပဋိပက္ခတွေ ဖြစ်ပျက် ခဲ့တဲ့ ရခိုင်ပြည်နယ် က အချို့ ဒေသ တွေကို လူသားချင်း စာနာမှု အကူအညီ ပေးဖို့ အဓိက အကြောင်းရင်း နဲ့ လာရောက်တာ ဖြစ်ကြောင်း ကယ်ဆယ်ရေးနဲ့ နေရာ ချထားရေး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဘီဘီစီကို ပြောပါတယ်။

ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးဟာ မောင်တော ဒေသထိ သွားရောက်မယ့် ခရီးစဉ် ရှိတယ်လို့လဲသိရပါတယ်။

မောင်တောမြို့နယ် အတွင်းမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ အကူအညီတွေ ပေးအပ်နေရာမှာ တားမြစ်မှုတွေ ရှိနေတဲ့အတွက် လွတ်လပ်စွာ ရိက္ခာဖြန့်ဖြူးတဲ့ နေရာမှာ အခက်အခဲတွေ ရှိနေတယ်လို့ နိုင်ငံတကာ အဖွဲ့အစည်းအချို့ရဲ့ စွပ်စွဲမှုတွေ ထွက်နေတာ က ပဋိပက္ခ ဖြစ်ပွား ဒေသမှာ လုံခြုံရေး အားနည်း လို့ တားမြစ် ခဲ့ရတာ ဖြစ်ပေမယ့် အခုတော့ အကူအညီ ပေးဖို့ ခွင့်ပြု ထားတယ်လို့ ဝန်ကြီး က တုန့်ပြန် ပြောကြားပါတယ်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဆိုပြီး ဖွဲ့စည်းထားပေမယ့် ဒီကနေ့ထိ ရခိုင်ပြည်နယ် အတွင်းမှာ ပြောင်းလဲ တိုးတက်လာတာ မရှိသလို ပဋိပက္ခတွေသာ ပိုမိုပြင်းထန်လာတာကို တွေ့နေရပါတယ်။

တည်ငြိမ် အေးချမ်းရေး ကို ပျက်ပြား အောင် လုပ်ဆောင် နေတဲ့ ကိစ္စတွေ ရှိပြီး နှစ်ဘက် အသိုင်းအဝိုင်းကလည်း တည်ငြိမ်ရေး ကို ဉီးစားပေး ဆောင်ရွက်ဖို့ လိုတယ်လို့ ပြည်ထောင်စု ဝန်ကြီး က ပြောပါတယ်။

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တောမြို့နယ်မှာတော့ စစ်ဆင်ရေးတွေ ဆက်လုပ်နေပြီး သွားလာရေးတွေ လည်း ပြတ်တောက်နေတဲ့ အတွက် ကျေးလက်တောရွာတွေမှာ နေထိုင်နေကြတဲ့ ပြည်သူအများစုကတော့ ရိက္ခာတွေ ပြတ်လပ်မှုတွေနဲ့ရင်ဆိုင်နေကြရသလို ကျန်းမာရေး စောင့်ရှောက်မှု မရရှိကြဘဲ ဖြစ်နေကြရတယ်လို့လဲ သိရှိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ