ဟင်္သာတ ထွန်းရင် ကွယ်လွန်

ဓာတ်ပုံ ရင်းမြစ်, BBC Burmese
ဟင်္သာတ ထွန်းရင်ရဲ့ မြန်မာ သံစဉ်တေးတွေ ခုချိန်ထိ ကျေးလက် ရိတ်သတ်တွေကြား မှာရေပန်းစား
ကိုယ်ပိုင် မြန်မာ သံစဉ် အဆိုတော်ကြီး ဟင်္သာတ ထွန်းရင် ဟာ နိုဝင်ဘာ ၂၁ ရက်မနက်က အဆုတ်ကင်ဆာ ရောဂါနဲ့ ရန်ကုန်က သူ့ နေအိမ်မှာ ကွယ်လွန် သွားပါတယ်။
ကွယ်လွန်ချိန်မှာ ဦးထွန်းရင်ဟာ အသက် ၇၇ နှစ် အရွယ် ဖြစ်ပါတယ်။
ဟင်္သာတ ဦးထွန်းရင် သီဆိုတဲ့ မြန်မာသံစဉ် တေးသီချင်းတွေဟာ မိဘမေတ္တာ၊ ကျေးလက် သဘာဝအလှနဲ့ မေတ္တာ အကြောင်းတွေကို ဖော်ကြူးတဲ့ တေးသီချင်းတွေ အများစု ဖြစ်ပါတယ်။
မြန်မာ သံစဉ်လောက အထူးသဖြင့် ကျေးလက် ပရိတ်သတ်တွေကြားမှာ နိုင်ငံကျော် အဆိုတော် ဟင်္သတာထွန်းရင်ရဲ့ တေးသီချင်းတွေကို အခုချိန်ထိ လူကြိုက် များကြ ပါတယ်။
အဲဒီထဲက ခုချိန်ထိ ကျေးလက်တွေမှာ ရေပန်းစားလူကြိုက် အများဆုံး တေးတွေကတော့ မွေးမေ ကျေးဇူး၊ အမေနဲ့ ရွာကိုလွမ်းတယ်၊ ငယ်သူငယ်ချင်း စာဥ၊ မိသားစု ကန်တော့ပွဲ ၊ စိမ်းမမစိမ်းနဲ့ စိမ်းပြင်ပြင်စိမ်း စတဲ့ သီချင်းတွေဖြစ်ပါတယ်။
ဟင်္သာတ ထွန်းရင်ရဲ့ ဇနီး ဖြစ်သူ နိုင်ငံကျော် ဇာတ်မင်းသားကြီး စိန်အောင်မင်းရဲ့ သမီး ဒေါ်စီစီစိန်က သူ့ခင်ပွန်းဟာ သားသမီးတွေနဲ့ တပည့်တွေ အပေါ်မှာ တန်းတူ မုဒိတာ ပွားနိုင်တဲ့ ပုဂ္ဂိုလ် ဖြစ်တယ်လို့ ဆိုပါတယ်။
သူ့အတွက်တော့ လက်တွဲဖော် ဆုံးရှုံးရသလို တန်ဖိုး ရှိတဲ့ ရှေ့ဆောင် လမ်းပြ တစ်ယောက် ဆုံးရှုံး ရတဲ့ အတွက် စိတ်ထိခိုက် ခံစား ရတယ်လို့လည်း ဒေါ်စီစီစိန်က ပြောပါတယ်။
ဟင်္သာတ ထွန်းရင်နဲ့ အတူ နယ်ပွဲတွေ နိုင်ငံခြားပွဲတွေ လိုက်ဖျော်ဖြေ ဖူးတဲ့ တေးရေး တေးဆို အလင်္ကာဝတ်ရည် မောင်မောင်အေးကလည်း ဟင်္သာတ ထွန်းရင်လို တွံတေး သိန်းတန်တို့လို့ ဂီတ ပညာရှင်မျိုးဟာ အစားထိုး မဘဲ နောင်လည်း အစားထိုး ပေါ်လာမှာ မဟုတ်သူတွေ ဖြစ်တယ်လို့ ပြော ပါတယ်။
ဟင်္သာတ ထွန်းရင် ကွယ်လွန်ချိန်မှာ ဇနီးဒေါ်စီစီစိန်နဲ့ သားသမီး ၅ ဦးကျန်ရစ်ခဲ့ ပါတယ်။
သူ့ရဲ့ ဈာပနကို နိုဝင်ဘာ ၂၃ ရက် ဗုဒ္ဓဟူးနေ့ ကျရင် ရေဝေး သုသာန်မှာ ဂူသွင်း သဂြိုဟ်မှာ ဖြစ် ပါတယ်။